၂၅ မတ်
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွက် ကျန်းမာရေးသုံး အသက်ရှူကူစက်တွေကို အမြားအပြားလိုအပ်နေတဲ့ ထုတ်လုပ်သူတွေက တိုးမြှင့်ထုတ်လုပ်နေကြောင်း သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် COVID 19 ပျံ့နှံ့မှုကြောင့် နေရာတိုင်းမှာ မျက်နှာဖုံး၊ လက်အိတ် လိုအပ်မှုတွေနဲ့အတူ အသက်ရှူကူစက်ဟာ လူနာကို ဆက်လက်အသက်ရှင်ရေးမှာ အရေးပါတဲ့ပစ္စည်းဖြစ်ပါတယ်။
ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်တဲ့ GE Healthcare အုပ်စုက အသက်ရှူကူစက် အပါအဝင် ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေ ပိုမိုထုတ်လုပ်ရန် လုပ်သားတိုးမြှင့် ငှားရမ်းပြီး လုပ်ဆောင်နေကြောင်း အဲဒီအုပ်စုရဲ့ အကြီးအကဲ မစ္စတာ မာဖီက ပြောပါတယ်။
အလားတူ ပြင်သစ်ကုမ္ပဏီ Air Liquide ကလည်း လက်ရှိမှာ တစ်လကို အသက်ရှူကူစက် ၅၀၀ ထုတ်လုပ်နေရာမှ ဧပြီလမှ စပြီး ၁၁၀၀ အထိ တိုးထုတ်သွားမယ်လို့ သိရပါတယ်။
ဂျာမနီကျန်းမာရေးပစ္စည်းဆိုင်ရာ ပစ္စည်းထုတ်လုပ်တဲ့ Draeger ကလည်း ထုတ်ကုန်အရေအတွက် နှစ်ဆတိုးထုတ်မယ်လို့ ကြေညာစဉ်မှာ တခြားဂျာမနီကုမ္ပဏီ Loewenstein ကလည်း လာမယ့် သုံးလအတွင်းမှာ အသက်ရှူကူစက် ၆၅၀၀ လုံးထုတ်လုပ်ရန် အစိုးရရဲ့ကုန်အမှာစာရရှိထားကြောင်း ပြောပါတယ်။
အမေရိကန် သမ္မတကလည်း Ford၊ General Motors နဲ့ Tesla ကုမ္ပဏီတွေကို အသက်ရှူကူစက်တွေ တိုးထုတ်ပေးရန် ပြောထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
MDN
ကိုကား - AFP


