ဇလွန် စက်တင်ဘာ ၁

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ဂျီအီးစီ(ပညာရေး)သမဝါယမအသင်း၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အထက(၁) ဇလွန် အမျိုးသားဆောင်၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် မြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်ယဉ်စိုးအေးတို့က အမှာစကားများ ပြောကြားသည်။ ထို့နောက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးရှင်းတမ်းများအား ဒါရိုက်တာအဖွဲ့ဝင်များက ဖတ်ကြားရှင်းလင်းပြီး ရှင်းလင်းချက်များအပေါ် အသင်းသားများက ပြန်လည်ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးကြသည်။ ယင်းနောက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းသားများထံမှ လက်ခံအတည်ပြုချက်ရယူကြရာ တက်ရောက်လာသည့် အသင်းသားများက အတည်ပြု လက်ခံခဲ့ကြသည်။

 

ထို့နောက် အသင်းသား ၉၅၆ ဦးအတွက် အစုပေါ်အမြတ်ငွေ ကျပ် ၁၀ သိန်း၊ ရင်းနှီးငွေအပေါ် အကျိုးအမြတ်ငွေကျပ် ၉၅ ဒသမ ၁၆ သိန်း၊ ထည့်ဝင်ငွေပေါ် အကျိုးအမြတ် ငွေကျပ် ၅၄ ဒသမ ၂၆ သိန်း စုစုပေါင်းငွေကျပ် ၁၅၉ ဒသမ ၄၂ သိန်းကို ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဇလွန်(ပြန်/ဆက်)