ဇလွန် ၂၂ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ရေဘေးကာကွယ်ရေးအတွက် သဲကုန်း-ညောင်အိုင် ပန်းတာသစ်ကို တည်ဆောက်နေပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
(သဲကုန်း-ညောင်အိုင်)ပန်းတာသစ်သည် အလျား ၇၅၀ဝ ပေရှိပြီး တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၉၉၀ ဒသမ ၈၆၈ ဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ(၃)ခုက အပိုင်းလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၅၁ ရာခိုင်နူန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ တာတမံ အရည်အသွေးထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းတာသစ် တည်ဆောက်ပြီးစီးပါက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဇလွန်၊ ကျုံပျော်၊ ရေကြည်၊ ဓနုဖြူ၊ ကျောင်းကုန်း၊ ငါးသိုင်းချောင်း မြို့နယ်များရှိ လယ်မြေဧက သုံးသိန်းကျော်နှင့် ရပ်ကွက်ကျေးရွာအုပ်စု ၄၇၆ အုပ်စုရှိ အိမ်ထောင်စုပေါင်း ၂၈၆၆၁၅ နှင့် လူဦးရေ ၁၂၅၅၁၆၈ ဦးတို့ကို ရေကြီးနစ်မြှုပ်မှုဒဏ်မှ ကာကွယ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဝေယံ(ဇလွန်)


