ဆူးငှက်
 

၁၉၂ဝ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီး စတင် ပေါ်ပေါက်လာခဲ့ပြီးနောက် အမျိုးသားကျောင်း၊ အမျိုးသားကောလိပ်နဲ့အမျိုးသားပညာရေးတောင်းဆိုမှုတွေနဲ့အတူ အထက်ဗမာပြည် မန္တလေးမြို့မှာလည်း ဥပစာကောလိပ်တစ်ခုဖွင့်လှစ်ပေးဖို့ မန္တလေးမှာရှိကြတဲ့ ဗဟိုစည်ဦးဘဦး၊ ကျောက်စာဝန်တော်စိန်ခိုနှင့် ရသေ့ကြီး ဦးခန္တီတို့ ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆို ကြပါတယ်။

ကိုယ့်မြို့မှာ ကိုယ့်ကောလိပ် ကိုယ်ကိုယ်တိုင်ဖွင့်ကြမယ်
အကယ်၍ အင်္ဂလိပ်အစိုးရက မလိုက်လျောရင် မန္တလေးမြို့လူထုအနေနဲ့ ကိုယ့်အလှူငွေနဲ့ကိုယ်၊ ကိုယ့် မြို့မှာ ကိုယ့်ကောလိပ် ကိုယ်ကိုယ်တိုင်ဖွင့်ကြမယ်လို့ တင်ပြလာကြတယ်။ နိုင်ငံရေးမျက်နှာစာမှာလည်း ဂျီစီ ဘီအေ ဦးချစ်လှိုင်က ဦးဆောင်ပြီး တောင်းဆိုတယ်။ တစ်ဆက်တည်း ဝံသာနုခေါင်းဆောင် ဦးဘဘေက ဥပဒေပြုကောင်စီမှာ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ဖို့ ဥပဒေအကြမ်းတင်ခဲ့တယ်။ ပထမအဆင့်အနေနဲ့ ၁၉၂၄ ခု ဧပြီလမှာ အစိုးရကဥပဒေကို ပြင်ဆင်ဖို့ အတည်ပြုပေးခဲ့ရတယ်။ ဒါ့အပြင် ၁၉၂၄ခု ပြင်ဆင်ချက် ဥပဒေအရ အထက်ဗမာပြည်မှာ ဥပစာ ကောလိပ်ကို စတင်ဖွင့်လှစ်ဖို့ ကော်မတီဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါကြောင့် အထက်ဗမာပြည်အတွက် ဥပစာကောလိပ်ကို မန္တလေးမြို့တောင်ပြင် ဗောဓိကုန်းရပ်ကွက်မှာရှိတဲ့ သိပ္ပံ ကျောင်းဝင်းထဲက တစ်ထပ်အုတ်တိုက်နီကလေးမှာ ၁၉၂၅ ဇူလိုင် ၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
အခု မန္တလေးတက္ကသိုလ်ဝင်းထဲအဝင် မုခ်ဦးအကျော် လမ်းအရှေ့ဘက်က အုတ်တိုက်နီလေးပါ။ တက္ကသိုလ် သက်တမ်းတစ်လျှောက်လုံး အင်ဂျင်နီယာရုံးအဖြစ် ဖွင့်လှစ်ခဲ့တဲ့နေရာလေးပါပဲ။ တန်ဖိုးထားတတ်မယ်ဆိုရင် ဒီအဆောက်အအုံလေးကို ပြတိုက်အဖြစ် ထိန်းသိမ်း ထားရမှာပါ။ လက်ရှိမြင်နေရတဲ့ မန္တလေးတက္ကသိုလ်ပင်မ အဆောက်အအုံကြီးကတော့ ၁၉၂၁ ခုနှစ်မှာ အုတ်မြစ် ချပြီး ၁၉၂၄ ခုနှစ်မှာ စိုက်ပျိုးရေးသိပ္ပံရုံးအဖြစ် ဖွင့်လှစ်ခဲ့ တာပါ။

မန္တလေးဥပစာကောလိပ်
မန္တလေးဥပစာကောလိပ် စဖွင့်တော့ ကျောင်းသူ နှစ်ယောက်အပါအဝင် ကျောင်းသား ၃၁ ယောက်ရှိတယ်။ ဖွင့်လို့တစ်နှစ်အကြာ ၁၉၂၆ ခု ဩဂုတ်လရောက်တော့ ဥပဒေပြုကောင်စီမှာ ရွှေတောင်ကြားပါတီက မန္တလေး ဥပစာကောလိပ်က ကျောင်းသားနည်းလို့ ပိတ်ပါဆိုပြီး အဆိုတင်တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ မန္တလေး ဥပစာကောလိပ် ပိတ်ပင်ရေး အစီအစဉ်ကတော့ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲအနေနဲ့ နောက်မဆုတ်ဘူး။ ၁၉၃ဝ ပြည့်နှစ် ရောက်တော့ မန္တလေးဥပစာကောလိပ်ပိတ်ရေး အစီ အစဉ်နဲ့ပတ်သက်ပြီး မန္တလေးမြို့ မြို့မိမြို့ဖတွေကလည်း ကန့်ကွက်ကြတယ်။ အိမ်တော်ရာ ၁၄ ခန်း ဇရပ်မှာလည်း ကျောင်းသားတွေက ရဟန်းပျိုသမဂ္ဂ၊ ဈေးချိုတော်၊ မန္တလေးမြို့ခံတွေနဲ့အတူ ကန့်ကွက်သပိတ်မှောက်ကြ တယ်။ ဒါကြောင့် မန္တလေးဥပစာကောလိပ်ပိတ်ရေးကိစ္စ ဟာ အောင်မြင်မသွားခဲ့ပါဘူး။ အင်္ဂလိပ်အစိုးရအနေနဲ့ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲကြောင့် အကျပ်အတည်း ကျရောက်နေတာကြောင့်လည်းဖြစ် ပါတယ်။ ဒီလိုနဲ့ စစ်ကြီးဖြစ်ပွားတော့ ဖွင့်လှစ်ဆဲ မန္တလေး ဥပစာကောလိပ်ကို ဥပစာကောလိပ်ရဲ့ကျောင်းသား ဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိ ဥပစာကောလိပ် ဓာတုဗေဒ ဆရာဖြစ်သူ ဦးကိုလေး (ဇေယျာမောင်) က စောင့်ရှောက်ရတယ်။ မန္တလေးလည်း စစ်ရောက်ရော ဥပစာကောလိပ်လည်း ပိတ်လိုက်ရတယ်။

မန္တလေးယူနီဗာစီတီကောလိပ် (၁၉၄၈ခု ဇွန်လ)
စစ်ကြီးပြီးတော့ မန္တလေးဥပစာကောလိပ် ပြန်ဖွင့် လှစ်နိုင်ရေးကို ဆရာကြီး ဦးရာဇတ်နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်)တို့ပဲ ပြန်လည်ဦးဆောင် ဆောင်ရွက် ကြတယ်။ အင်္ဂလိပ်အစိုးရအနေနဲ့ကတော့ မသိလိုက် မသိဘာသာပါပဲ။ စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလအစိုးရဖွဲ့တော့ ဦးရာဇတ် ဝန်ကြီး တာဝန်အယူ ရန်ကုန်ရောက်စဉ် မန္တလေးဥပစာကောလိပ် ဖွင့်လှစ်နိုင်ရေးကို ဆရာဦးကိုလေး နဲ့ ထပ်မံကြိုးစားကြ ပြန်တယ်။ ဒါကြောင့် ၁၉၄၇ ခု မေလ ၂၉ ရက်နေ့မှာပဲ ဆရာဦးကိုလေး (ဇေယျာမောင်)ကို ကျောင်းအုပ်ကြီး အဖြစ်ခန့်အပ်ပြီး မန္တလေးဥပစာကောလိပ် ပြန်လည် ဖွင့်လှစ်ဖို့ တာဝန်ပေးလိုက်ပါတယ်။
စစ်ကြီးကြောင့် ပျက်စီးသွားတဲ့ ပရိဘောဂတွေ၊ ကျောင်းဆောင်တွေ ပြန်လည်ရရှိဖို့ အခက်အခဲအမျိုးမျိုး ကို ဆရာဦးကိုလေး(ဇေယျာမောင်)ဟာ ကြိုးစားကျော် ဖြတ်ပြီး ၁၉၄၈ ခု ဇွန်လရောက်မှ မန္တလေးယူနီဗာ စီတီကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာပါ။ စိုက်ပျိုးရေးသိပ္ပံရုံးအဖြစ် အသုံးပြုဆဲဖြစ်တဲ့ ပင်မ အဆောင်ကြီးကိုလည်း မန္တလေးယူနီဗာစီတီကောလိပ် ပင်မစာသင်ဆောင်ကြီးအဖြစ် ခမ်းနားစွာ ဖွင့်လှစ်နိုင် ခဲ့ပါတယ်။ ဒီဥပစာကောလိပ်ကလည်း အတိုက်အခံ အခက်အခဲအမျိုးမျိုးကြားက ရုန်းကန်ပြီး ဆရာကြီး ဦးရာဇတ်နဲ့ ဆရာဦးကိုလေး(ဇေယျာမောင်)တို့ ကျေးဇူး ကြောင့် ၁၉၄၈ ခုနှစ် ဇွန်လမှာ မန္တလေးယူနီဗာစီတီ ကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခဲ့တာပါ။ မန္တလေးယူနီဗာစီတီကောလိပ်ဖွင့်လှစ်နိုင်ရေးကို အစွမ်း ကုန်ကြိုးစားခဲ့တဲ့ ဆရာကြီးဦးရာဇတ်ကတော့ ဖွင့်ပွဲမတိုင် ခင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကပဲ မသမာသူတို့ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရှာပြီပေါ့။

မန္တလေးတက္ကသိုလ် (၁၉၅၈ ခုနှစ် ဇွန်လ)
မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခဲ့ပြီးနောက် မြို့မိမြို့ဖတွေ ဆက်လက်အားထုတ်ကြိုးပမ်းခဲ့ကြလို့လည်း ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက် မှာ မန္တလေးတက္ကသိုလ်အဖြစ် သီးခြားရပ်တည်ခဲ့တယ်။ ပြောင်းလဲလာတဲ့ ပညာရေးစနစ်တွေကြောင့် ၁၉၆၄ ခုနှစ်မှာ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်အသွင်ပြောင်းခဲ့ရတယ်။ ၁၉၈၀ ပြည့်နှစ်မှာတော့ မန္တလေးတက္ကသိုလ်ဆိုတဲ့ မူလအမည်နဲ့ တည်ရှိခဲ့တာပါ။
မန္တလေးတက္ကသိုလ်ဟာ မြန်မာလူမျိုးများရဲ့ ဝံသာနု စိတ်နဲ့ ဇာတိမာန်သက်သက်ကတစ်ဆင့် အမြော်အမြင် ကြီးစွာ ပေါ်ပေါက်ခဲ့ရတဲ့ မြန်မာတွေ မျိုးစေ့ချ၊ ပျိုးထောင်၊ ပေါင်းသင်၊ ရှင်သန်၊ ကြီးထွား၊ ပွင့်လန်းခဲ့တဲ့ မြန်မာ အမျိုးသားတက္ကသိုလ်ကြီးဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေစတင်ခဲ့တဲ့ သပိတ်တိုက်ပွဲရဲ့ အသီး အပွင့်လည်း ဖြစ်ပါတယ်။ မန္တလေးဥပစာကောလိပ်မှသည် မန္တလေးတက္ကသိုလ်ဆိုတဲ့ ဖြတ်သန်းမှု သမိုင်းရှည်ကြီး အတွင်း ဒီတက္ကသိုလ်ကြီးက ဂုဏ်ရောင်ပြောင်တဲ့ နိုင်ငံ ရေးသမားတွေ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာ ဆရာကြီးတွေ၊ အရပ်ဘက် စစ်ဘက်ဆိုင်ရာ အမှုထမ်း တွေ၊ ဌာနဆိုင်ရာ ပညာရှင်ကြီးတွေ၊ ပါမောက္ခကြီးတွေ မွေးထုတ်ပေးခဲ့ရုံမက အနုပညာရှင်ပေါင်းများစွာ၊ အားကစားသမားပေါင်း များစွာလည်း မွေးထုတ်ပေးခဲ့ ပါတယ်။

မိုးစက်မုန်တိုင်းများကြားက စိန်ပန်းနီ
၁၉၂၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ မန္တလေးဥပစာကောလိပ်ဟာ ဒီနှစ် ၂၀၂ဝ မှာ ၉၅ နှစ် တင်းတင်းပြည့်ခြင်းနှင့်အတူ ၁၉၄၈ ခုနှစ်မှာ အခက်အခဲအမျိုးမျိုးကြားက မန္တလေး ဥပစာကောလိပ်ကနေ အဆင့်မြှင့်ဖွင့်လှစ်ခဲ့တဲ့ မန္တလေး ယူနီဗာစီတီကောလိပ်ကလည်း ဒီနှစ် ၂၀၂ဝ ပြည့်နှစ် ဇွန်လမှာ ၇၂နှစ်ပြည့်ပါပြီ။ တစ်ခါ ၁၉၅၈ ခုနှစ်မှာ မန္တလေးယူနီဗာ စီတီကောလိပ်မှသည် မန္တလေးတက္ကသိုလ်အဖြစ် သီးခြားဖွင့်လှစ်နိုင်တာကြောင့်လည်း ဒီနှစ် ၂၀၂ဝ ပြည့်နှစ် ဇွန်လ ၁ ရက်နေ့မှာ ၆၂ နှစ်ပြည့်ပါပြီ။
ဇွန်လရဲ့ မိုးစက်မုန်တိုင်းများကြားမှ‌ော ရဲရဲပွင့်ခဲ့တဲ့ စိန်ပန်းနီနီ (ဝါ) ဂုဏ်ကျက်သရေရှိသော မန္တလေး တက္ကသိုလ် အဓွန့်ရှည်ပါစေ။ ။