ဇဏ်ခီ ဇာတ်လမ်းရေးသားသည့် ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကား ရိုက်ကူးတော့မည်

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးကို ဖန်တီးရိုက်ကူးခဲ့သူ အမျိုးသမီးလူငယ်ဒါရိုက်တာ ခရစ္စ တီးနားခီ မကြာမီ တတိယမြောက်ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးသွားမည်ဖြစ်ရာ အဆိုပါ ဇာတ်ကားကို ထာဝရနှောင်ကြိုး(Now & Ever)ဟု အမည်ပေးထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဇဏ်ခီ က ရေးသားထားခြင်းဖြစ်ကြောင်း သိရသည်။

 

ခရစ္စတီးနားခီက ''ပထမဆုံးကား နှစ်ကားမှာ ပရိသတ်အားပေးခဲ့တဲ့ ခွန်အားတွေကို ကောင်းကောင်းအသုံးချပြီး ကြိုးစားသွားမှာပါ၊ အစ်မ သတိထားမိတာတစ်ခုကတော့ ဘယ်နေရာ ပဲသွားသွား ဒီနာမည်လေးကို ပရိသတ်က မေးကြတယ်၊ သိကြတယ်။ ရိုက်တောင်မရိုက်ရ သေးဘူး၊ နာမည်တစ်ခုနဲ့ ရှိနေတယ်ဆိုတော့ ကောင်းစေချင်တဲ့သဘောဆိုတာ နားလည်ခဲ့တယ်၊ အဲဒီအတွက်ကြောင့် ဒီ (Now & Ever)ကို သေချာပြင်ဆင်ပြီး ရိုက်သွားမှာပါ''ဟု ပြောသည်။

 

ဇာတ်ကားတွင် ဇဏ်ခီနှင့် တွဲဖက်သရုပ်ဆောင်မည့် မင်းသမီးအဖြစ် ပိုင်ဖြိုးသုကို ရွေးချယ်ထား သည်။ သရုပ်ဆောင်များရွေးချယ်ခဲ့ပုံနှင့်ပတ်သက်၍ ခရစ္စတီးနားခီက ''ဒီထဲမှာပါဝင်မယ့် သရုပ်ဆောင်များကိုလည်း လျှောက်လွှာ လာတင်သူ လူနှစ်ထောင်ကျော်ထဲက အဆင့်ဆင့် ရွေးချယ်ထားတာ ဖြစ်ပါတယ်၊ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ဇဏ်ခီနဲ့ တွဲဖက်ပြီး သရုပ်ဆောင်မယ့် မင်းသမီးကိုတော့ ပိုင်ဖြိုးသုကို ရွေးထားပါတယ်၊ ရွေးချယ်ဖြစ်တာကလည်း သုသုကို နေဝင်အိပ်တန်းတက်ဆိုတဲ့ ဇာတ်ကားကြီးမှာ စပြီးတော့ သတိထားမိတယ်၊ နောက်တော့ ရွှေစင်ကြော်ငြာမှာ အတူတူရိုက်တယ်။ အလုပ်လုပ်တာ တော်တော့်ကို အလုပ်လုပ်လို့ ကောင်းတယ်။ အချိန်တိကျတယ်၊ ဒါရိုက်တာရဲ့Direction ကို သေချာနားထောင်တယ်၊ အလုပ်ချိန်အတွင်းမှာလည်း သူ့ကိုပြောဆိုနေရတာမျိုး ဘာမှမရှိဘူးပေါ့၊ Team တစ်ခုလုံးကလည်း ချစ်ပြီးသားလေ။ ဒါပေမယ့်လည်း ဇာတ်ညွှန်းရတော့ သူ့ကိုချက်ချင်းတော့ ရွေးလို့မရသေးဘူး၊ သူ့ထက် လိုက်ဖက်ညီတဲ့သူ ရှိကောင်းရှိဦးမှာပဲ ဆိုပြီး တွေးထားတော့ လူနှစ်ထောင်ကျော် လျှောက်လွှာကို သေချာကြည့်လိုက်တယ်။ အဲဒီကနေမှ လူ ၃၁၅ ယောက်ကို ရွေးလိုက်တယ်။ သူတို့တွေကို လူတွေ့ထပ်တွေ့တယ်။ ၃၆ ယောက် ကို ဖိုင်နယ်ခေါ်တယ်။ မိန်းကလေး တော်တော်များများက ဒီကာရိုက်တာကို လုပ်ကြည့်ရတာပဲ။ ဒါပေမယ့် အားလုံးလုပ်ကြည့်တဲ့အခါ ပိုင်ဖြိုးသုနဲ့ ကိုဇဏ်လိုမျိုး ဖြစ်မနေဘူး၊ အဲဒါနဲ့ ပိုင်ဖြိုးသုကို စကားပြောကြည့်မယ်ဆိုပြီး ပြောကြည့်လိုက်တာပါ၊ သူကလည်း ကြိုက်လို့ လက်ခံရိုက်ဖြစ်ခဲ့တာပါ'' ဟု ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုသည်။

 

ဇာတ်လမ်းနှင့်ပတ်သက်၍ ''အမှန် အတိုင်းပြောရရင် ပရိသတ်က ကျွန်မတို့ကို ကြိုးစားဖို့အတွက် ခွန်အားပေးလိုက်တာကို ကောင်းကောင်းအသုံးချလိုက်တာပါ။ သူတို့ကို လေးလေးစားစားဆက်ဆံပါတယ်ဆိုတဲ့ အသိလေးတော့ သူတို့ဆီကို ရောက်သွားစေချင်တယ်။ ကျွန်မတို့ Team တစ်ခုလုံးက အလွန်ကြိုးစားမှာပါ၊ ဒီကားကတော့ ရှေ့မှာရိုက်ကူးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားနှစ်ကားနဲ့မတူညီဘဲ အိမ်ထောင်ရေး အချစ် ကားပုံစံအနေနဲ့ တွေ့မြင်ရမှာပါ၊ ဒီကားထဲ မှာ မြန်မာပြည်ရဲ့အလှအပတွေကိုလည်း ထည့်သွင်း ရိုက်ကူးသွားမယ်၊ ပြီးတော့ ဒီကားလေးက အချစ်ကား။ အချစ်ကားဆိုရင် များသောအားဖြင့်သိကြတာ ကလေးလေးနှစ်ယောက် ချစ်ကြတာလို့ပဲ သိကြတာလေ။ အချစ်ဆိုတာကို တော်တော်များများ သိကြတာက အိမ်ထောင်ကျသွားရင် ချစ် စရာမလိုတော့ဘူး။ သိပ်ပြီးတော့ အပိုတွေလုပ် စရာမလိုတော့ဘူးလို့ ထင်တယ်ပေါ့။ တကယ်တော့ အိမ်ထောင်ပဲကျကျ ဘာပဲကျကျ ရင်ထဲက အချစ်က တစ်ယောက်နဲ့တစ်ယောက် အမြဲရှိနေရမယ်။ ရာသက်ပန်ရှိနေရမယ်။ အိမ်ထောင်ကျလို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ပြောင်းသွားတာတို့၊ ဝတ္တရားအရတို့၊ ကလေးရှိနေလို့တို့ ဆိုတာမျိုးတွေ မဖြစ်ရဘူးပေါ့၊ အခုဇာတ်က အဲဒါမျိုးပိုဆန်ပါတယ်''ဟုလည်း ထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။

 

အဆိုပါ ရုပ်ရှင်ဇာတ်ကားထဲတွင် သရုပ်ဆောင် ဇဏ်ခီ၊ ပိုင်ဖြိုးသု၊ မင်းညို၊ ဂျူးဂျူးကေ၊ ခင်သဇင်၊ မြင်စိုင်းသားအောင်အောင်၊ ရဲနောင်ချို၊ ဇူးဇူးဟန်နီထွေးနှင့် အနုပညာရှင်များစွာ ပါဝင် သွားမည်ဖြစ်ပြီး ယခုလအတွင်းမှစတင်ကာ ဧပြီလအထိ လေးလကျော်ကြာ ရန်ကုန်၊ ပုဂံ၊ ပုပ္ပား၊ ပူတာအို၊ ငွေဆောင်တို့တွင် သွားရောက် ရိုက်ကူးသွားမည်ဟု သိရသည်။

 

ကိုလင်း