မန္တလေး ၈ ဖေဖော်ဝါရီ

 

မန္တလေးခရိုင်တွင် ဇန်နဝါရီလအတွင်း မီးလောင်မှုများအနက် လျှပ်စစ်မီးပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့သော မီးလောင်မှုသည် အများဆုံးဖြစ်ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။

 

“လျှပ်စစ်ကြောင့် တစ်နိုင်ငံလုံးမှာ မီးလောင်မှုတွေ ဖြစ်တာများတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကဆို မီးလောင်မှုဖြစ်ရင် ခြင်ဆေးခွေမီး၊ ဘုရားမီး၊ မီးဖိုမီးတို့စတဲ့ ပေါ့ဆမီးတွေကနေ လောင်တာများတယ်။ အခုနောက်ပိုင်းမှာ လျှပ်စစ်မီးတွေ တိုးတက်လာတာနဲ့အမျှ လျှပ်စစ်ပစ္စည်းတွေ သုံးလာကြတယ်။ ဒါပေမဲ့ လျှပ်စစ်နဲ့ ပတ်သက်ပြီး အသိပညာဗဟုသုတတွေ အများကြီးမရှိဘူး။ အဲတော့ လျှပ်စစ် ဝါယာတွေ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မီးလောင်မှုတွေက များလာတယ်။” ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

 

ဇန်နဝါရီလအတွင်း မန္တလေးခရိုင်တွင် လျှပ်စစ်ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့သော မီးလောင်မှု ၆ခု၊ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့သော မီးလောင်မှု ၂ ခု၊ အလိုလျောက်ဖြစ်ပွားခဲ့သော မီးလောင်မှု ၁ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးရှိကြောင်း မီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

“ဒီလို လျှပ်စစ်မီးပေါ့ဆလို့ မီးလောက်မှုတွေ ခနခနမဖြစ်အောင် ကျွမ်းကျင်တဲ့ လျှပ်စစ်အဖွဲ့တွေနဲ့ တိုင်ပင်ပြီး လျှပ်စစ်တွေကို တပ်ဆင်သင့်တယ်။ ဝိုင်ယာကြိုးတွေကို တစ်လ တစ်ကြိမ်တို့ သုံးလ တစ်ကြိမ်တို့ စစ်ဆေးသင့်တယ်။ ဝါယာကြိုးတွေ ဟောင်းနွမ်းနေပြီဆိုရင် ဒါတွေကို အသစ်လဲဖို့လိုတယ်။ ” ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူးက ပြောသည်။

 

လျှပ်စစ်ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့သော မီးလောင်မှုများမှာ ဇန်နဝါရီလ ၇ ရက်နေ့တွင် အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်၌ အိမ်သုံးမီးစက် အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းမှု၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်၌ အဲယားကွန်းဝါယာရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းမှု၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် ဂေါဝန်ဆိပ် ဧရာဝတီမြစ်အတွင်း ဒီဇယ်ပုံးအနီး လျှပ်စစ်မီးဖိုဖြင့် ထမင်းအိုးတည်ထားရာမှ မီးစတင်လောင်ကျွမ်းမှုနှင့်ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက် (Sky Walk Shopping Centre)၌ စတိုခန်းအတွင်း ဖုန်းအားသွင်းရာမှ အပူလွန်ကဲမှုဖြစ်ပြီး မီးကူးစက်လောင်ကျွမ်းမှု၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၌ ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှု နှင့် ဇန်နဝါရီလ ၂၆ရက်နေ့တွင် အမရပူရမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာ၌ မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တင်ဇာလှိုင်