ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ စံချိန်သစ်တင် မြင့်တက်လာမှုက လူသားတွေကို အန္တရာယ်ဖြစ်စေ

ထွန်းသစ်စ

ကမ္ဘာ့လေထုအတွင်း လေထုရဲ့အပူချိန်ကို မြင့်တက်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်စတဲ့ ဓာတ်ငွေ့တွေရဲ့ ပမာဏဟာ စံချိန်သစ်တင် မြင့်တက်လျက်ရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့က ကြေညာမောင်းခတ်လိုက်ပါတယ်။ အဲဒီဖြစ်စဉ်ဟာ ရာသီဥတု ပြောင်းလဲမှုကို အဓိကဖြစ်စေတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ အဲဒီလိုမျိုးသာ ဆက်လက်မြင့်တက်နေမယ်ဆိုပါက ကမ္ဘာ့လူသား တွေအတွက် အန္တရာယ် ပိုမိုဖြစ်စေနိုင်တယ်လို့လည်း ဆိုထားပါတယ်။

ဓာတ်ငွေ့ ထုတ်လွှတ်မှု မလျှော့ချပါက ဆိုးကျိုးတွေဖြစ်စေ
ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရာသီဥတုဆိုင်ရာ ညီလာခံ (COP 24) မှာ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ လေထုရဲ့ အပူချိန်ကို မြင့်တက်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်စတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂ ဒီဂရီ ဆဲလ်စီးရပ်စ်ထက် လျှော့ချသတ်မှတ်ရေး လိုက်နာဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂ ထိပ်တန်းအရာရှိတွေ ကြိုးစားလုပ်ဆောင်နေကြပါတယ်။ အဲဒီလို ကြိုးစားလုပ်ဆောင် နေမှသာ ၂၀၁၅ ခုနှစ် ပါရီ သဘောတူညီချက်ကို လေးစားလိုက်နာရာရောက်မှာပဲ ဖြစ်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေနဲ့ တခြားဖန်လုံအိမ်သဘာဝ ဓာတ်ငွေ့တွေကို လျင်မြန်စွာ လျှော့ချ ဖြတ်တောက်မှု မလုပ်ဘူးဆိုရင် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေ ဖြစ်ပေါ်လာပြီး အဲဒါက က္ဘာကြီးမှာ မှီတင်းနေထိုင်ကြတဲ့ လူသားတွေနဲ့ အားလုံး သောသက်ရှိတွေအတွက် ဆိုးကျိုးတွေ လျင်မြန်စွာ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးမှ ခေါင်းဆောင်ဖြစ်သူ ပက်တာရီ တာလက်စ်က ပြောပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေနဲ့ တခြားဖန်လုံအိမ် သဘာဝဓာတ်ငွေ့တွေကို လျင်မြန်စွာ လျှော့ချဖြတ်တောက်ဖို့ အခွင့်အလမ်းတံခါး ပေါက်တွေဟာ ပိတ်လုနီးပါး ဖြစ်နေတယ်လို့လည်း သူက ဆက်လက်ပြောခဲ့ပါသေးတယ်။

လေထုထဲက အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့ပါဝင်မှု
COP 24 ညီလာခံမတိုင်ခင် နိုင်ငံအားလုံးကို ပေးပို့ထားတဲ့ အိတ်ဖွင့်ပေးစာမှာ အကယ်၍ ကမ္ဘာ့ကြီးအနေနဲ့ အပူချိန် မြင့်မားမှုကို ထိန်းသိမ်းမှု မရှိဘူးဆိုပါက ရုတ်တရက် ကျရောက်တဲ့ သဘာဝကပ်ဆိုးကြီးတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂအခွင့်အရေး ကောင်စီမှ အကြီးအကဲဖြစ်သူ မီရှဲယ် ဘာချလတ်က ပြောခဲ့ပါတယ်။

ပါရီ သဘောတူညီချက်တွေကို အကောင်အထည်မဖော်နိုင်ပါက တစ်ကမ္ဘာလုံး ဂေဟစနစ်အားလုံး၊ လူသားတွေအားလုံးနဲ့ အသက်ရှင် နေထိုင်မှုပုံစံ အားလုံး လုံးဝရပ်တန့်သွားနိုင်ကြောင်း မီရှဲဘာချလတ်က ဆက်လက်ပြောခဲ့ပါသည်။

ပါရီညီလာခံမှ ထွက်ခွာခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်တွေအပေါ် ယုံကြည်မှုနည်းနေ သလိုပါပဲ။ ကုလသမဂ္ဂ ရာသီဥတု အေဂျင်စီရဲ့ နှစ်စဉ် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်ပြန်ချက်မှာ လေထုထဲမှာ အ္တရာယ် ဖြစ်စေတဲ့ ဓာတ်ငွေ့ပါဝင်မှုဟာ လွန်ခဲ့တဲ့ ၁၇၅၀ ပြည့်နှစ်ကတည်းက စတင်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဖြစ်စဉ်ကို အခြေခံပြီး တွက်ချက်ထားတဲ့ ၂၀၁၈ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်ပြန်ချက်မှာ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုဟာ ၄၀၅ ဒသမ ၅ ပီပီအမ် ပါဝင်နေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ၂၀၁၅ ခုနှစ်မှာ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုဟာ ၄၀၁ ဒသမ ၁ ပီပီအမ်ကနေ ၂၀၁၆ ခုနှစ်မှာ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုဟာ ၄၀၃ ဒသမ ၃ ပီပီအမ်အထိ ရောက်ရှိလာပါတယ်။ တစ်နှစ်ထက် တစ်နှစ်လေထုထဲမှာ ကာဗွန်ဒိုင်အောက် ဆိုက်ပါဝင်မှုဟာ တဖြည်းဖြည်း များပြားလာပါတယ်။

နှစ်သန်းပေါင်း ငါးသန်းလောက်ကတည်းက
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း သုံးသန်းမှ ငါးသန်းလောက်ကတော့ ကမ္ဘာကြီးမှာ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုဟာ အနည်းအကျဉ်း လောက်ရှိခဲ့ပြီး အပူချိန်ဟာ ၂ ဒီဂရီ ဆဲလ်စီးရပ်စ်မှ ၃ ဒီဂရီဆဲစီး ရပ်စ်အထိပဲ ပူနွေးခဲ့တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ ကီးမှ ခေါင်းဆောင်ဖြစ်သူ ပက်တာရီတာလက်စ်က ပြောခဲ့ပါတယ်။

သုတေသန ပြုလုပ်သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ဝဝဝဝ လောက်က ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုကို ဘယ်လိုစမ်းသပ်ခဲ့လဲဆိုရင် သူတို့ဟာ ဂရင်းလန့်နဲ့ အန္တတိကရှိ ရေခဲတွေပေါ်မှာ လေပူဖောင်းလေးတွေ အသုံးပြုပြီး စူးစမ်း ခဲ့ကြတာပဲ ဖြစ်ပါတယ်။

သို့သော်လည်း ရုပ်ကြွင်းလောင်စာတွေကို လေ့လာဆန်းစစ်ချက်အရ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ငါးသန်းလောက်ကတည်းက ရှိခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက အကြမ်းဖျင်း ခန့်မှန်းခဲ့ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှု အပြင် မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုက်၊ အိုဇုန်းလွှာ ပေါက်ပြဲယိုယွင်းစေတဲ့ CFC11 လို့ခေါ်တဲ့ အခြားဓာတ်ငွေ့ ပါဝင်မှုဟာလည်း မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂအေဂျင်စီက ပြောပါတယ်။

ဥုံဖွမန်းလိုက်တာမဟုတ်
ဒါဟာ ဥုံဖွမန်းလိုက်တာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ လူတွေ သတိမထားမိခင်မှာပဲ မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် လူသားတွေ သိတဲ့အတိုင်း ကမ္ဘာကြီး ပူနွေးလာမှုကို လူသားတွေ ခံစားနေကြရပါပြီ။ ဒါတွေကို အချိန်မီ လျှော့ချမှုတွေ မလုပ်ဆောင်ဘူး ဆိုရင် ဒီနေ့ ကျွန်တော်တို့ မှီတင်းနေထိုင်တဲ့ ကမ္ဘာကြီးဟာ ကျွန်တော်တို့အတွက် ဆိုးကျိုးတွေကို မဝေးတော့တဲ့ အနာဂတ်မှာ ဆောင်ကြဉ်းလာတော့မှာ ဖြစ်ပါတယ်။

ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေဟာ အဓိက ဖန်လုံအိမ် သဘာဝဓာတ်ငွေ့ တိုးမြင့်လာရတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပြီး ဒါတွေဟာ က္ဘာကြီးကို ဆိုးကျိုးတွေဖြစ်လာစေမယ့် တရားခံတွေပဲ ဖြစ်ပါတယ်။ ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ အားလုံးရဲ့ ၂၅ ရာခိုင်နှုန်း လောက်ကို ပင်လယ်သမုဒ္ဒရာတွေနဲ့ သက်ရှိတွေက စုပ်ယူလေ့ရှိပါတယ်။ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂက အစိုးရအချင်းချင်း ဆွေးနွေးပွဲအဖွဲ့က လေထုအပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးရပ်စ်အထိ ထိန်းသိမ်းထားဖို့ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ သုည ရာခိုင်နှုန်း ရှိရမယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ လေထုထဲကို ထုတ်လိုက်တဲ့ ဓာတ်ငွေ့တွေနဲ့ လေထုထဲက ဖယ်ထုတ်လိုက်တဲ့ ဓာတ်ငွေ့တွေဟာ ညီမျှနေရမယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

ချက်ချင်းဖျောက်ဖျက်ပစ်ဖို့ မလွယ်သေး
က္ဘာ့မိုးလေဝသအဖွဲ့ ဒုတိယအကြီးအကဲ အယ်လီနာက လေထုထဲနဲ့ သမုဒ္ဒရာထဲမှာ နှစ်ပေါင်းရာချီကြာမြင့်စွာ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့တွေ ကျန်ရှိတုန်းပဲလို့ ဆိုပါတယ်။ လတ်တလော လေထုထဲမှာရှိတဲ့ ပိုလျှံနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေကို ချက်ချင်းဖျောက် ဖျက်ပစ် ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ သူမက ဆက်လက်ပြောခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ကမ္ဘာ့မှာ မှီတင်းနေထိုင်နေကြတဲ့ လူသားတွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ လျှော့ချဖို့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ အစိုးရတွေ အတူပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ သို့မှသာ လူသားတွေကို အန္တရာယ်ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့လို တခြားဓာတ်ငွေ့တွေရဲ့ စံချိန်တင်မြင့်တက်နေတဲ့ ပမာဏကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။

ကိုးကား - အေအက်ဖ်ပီ