နေပြည်တော်  ၁  ဧပြီ 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems ( IFES ) အဖွဲ့တို့ပူးပေါင်း၍ ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများကဏ္ဍ မြှင့်တင်ရေးဆိုင်ရာမူဝါဒ ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက မြန်မာနိုင်ငံ အနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် CEDAW ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မူဝါဒများအောင်မြင်ရေးအတွက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်း များမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း CEDAW ပါ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ၊ ရွေးကောက်တင်မြှောက်ခြင်း နှင့် ရွေးကောက်ခံပိုင်ခွင့်စသည့် ကဏ္ဍများတွင် ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီးကဏ္ဍမြှင့်တင်ရေး ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း။  

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဟာဗျူဟာစီမံကိန်း ( ၂၀၁၉ - ၂၀၂၂ ) ကို ရေးဆွဲရာတွင် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍပိုမိုပါဝင်မှုတို့ အကျုံးဝင်သည့်  ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့်ဆက်ဆံရေး၊ အားလုံးပါဝင်မှုကိုမြှင့်တင်ရေးဟူသည့် ကဏ္ဍများကို ထည့်သွင်း ရေးဆွဲခဲ့ကြောင်း၊  ထို့အပြင် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍမြှင့်တင်ရေးဆိုင်ရာ မူဝါဒ  ( ၂၀၁၉ − ၂၀၂၂ ) ကို ရေးဆွဲခဲ့ပြီး လုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ တာဝန်များချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊   နိုင်ငံတော်က ချမှတ်ထားသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း NSPAW ( ၂၀၁၃ - ၂၀၂၂ ) ကို အကောင်အထည်ဖော်ရာတွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအပါအဝင် အခြားသောဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း။ 

 

ကော်မရှင်အနေဖြင့် အမျိုးသမီးများ နိုင်ငံရေးနှင့်ရွေးကောက်ပွဲများတွင် ပိုမိုပါဝင်လာစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ခွဲရုံးများတွင် အမျိုးသမီးပါဝင်မှုနှုန်း မြှင့်တင်နိုင်ခဲ့ကြောင်း၊ ယနေ့ပို့ချသော သင်တန်းသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်လျှောက် ကျား/မ တန်းတူ ညီမျှရေးမူဝါဒ အကောင်အထည်ဖော်မှုကို အထောက်အကူဖြစ်မည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဆင့်ပွားသင်တန်းများကို သင်ကြားပို့ချပေးရမည် ဖြစ်ကြောင်း၊ သင်တန်းမှရရှိသည့် အတွေ့အကြုံများကို ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် အကျိုးရှိရှိ ပြန်လည်အသုံးချကြစေလိုကြောင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းကို ဧပြီ ၁ ရက် မှ ၂ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၃ ရက်နှင့် ၄ ရက်တို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အေးချမ်းမြန်မာအင်စတီကျူတို့ ပူးပေါင်း၍ ကျား/မ တန်းတူညီမျှရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ 

 

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီး၊ ပြည်နယ် ရွှေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ သင်တန်းသား၊ သင်တန်းသူ (၆၇) ဦး တက်ရောက်ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

IMG_25