သပြေထွန်း

သည်လ၊ သည်ရာသီသည် ဟေမာန်ဆောင်းဦးကဲ့သို့လည်း ငွေနှင်းမှုန်တို့ သုန်သုန်ကျဆင်းခြင်းမရှိ။ ဂိမှာန်နွေဦးကဲ့သို့ လည်း လေရူးပွေခြင်း အလျှင်းမရှိ။ ဆောင်းခိုငှက်၊ နွေကြို ငှက်ကလေးများပင် အရိပ်အရောင်မျှ တွေ့မြင်ခွင့်မရ။ စင်စစ် သည်ရာသီကား မိုးစက်မိုးပေါက်တို့ဖြင့် အတိပြီး သော ဝသန္တမိုးရာသီပင် ဖြစ်ချေတော့၏။ ပိန်ညင်းငှက်တို့ ဟိုဒီပျံဝဲလျက် မိုးသောက်ပန်းတို့ လန်းဆန်းသော ဝါဆိုဝါဦးသမယပေတည်း။

ဒွေမေဘိက္ခဝေ အန္တာပဗ္ဗဇိတေန နသေဝိတဗ္ဗာ ကတမေ ဒွေ ယောစာယံ ကာမေသု ကာမသုခလ္လိကာနုယော ဂေါ ဟီနော ဂါမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္တ သံဟိတော ယောစာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္တသံဟိတော ဧတေခေါ ဘိက္ခဝေ ဥဘောအန္တေ အနုပဂမ္မမဇ္ဈိမာပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ (ဓမ္မစကြာပါဠိတော်) ရှင်တော်ဗုဒ္ဓသည် သုံးလောကထွတ်ထားမြတ်ဘုရား အဖြစ်သို့ ရောက်တော်မူပြီး၍ ရက်ပေါင်းခြောက်ဆယ် အကြာ မဟာသက္ကရာဇ် (၁၀၃) ခု ဝါဆိုလပြည့် (စနေနေ့) ညနေခင်း နေဝင်ရိုးရီဆည်းဆာမည်သောအချိန်တွင် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန် သားမျိုးစုံသော ရဂုံသာမော အင်ကြင်းတော၌ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ဘွဲ့မည်ရှိသော ပဉ္စဝဂ္ဂီငါးဦးတို့အား အထက်ပါဂါထာပါဠိ လာရှိသည့်အတိုင်း တရားဦးဓမ္မစကြာ ဟောကြားတော်မူသည်။

မြတ်ဗုဒ္ဓ၏တရားဦး၌ (၁) ကာမသုခလ္လိကာနုယော ဂေါ–ကာမဂုဏ်အာရုံတို့၌ မွေ့လျော်သောအစွန်းတရား၊ (၂) အတ္တကိလမထာနုယောဂ– မိမိကိုယ်ကိုယ်ညှဉ်းပန်း နှိပ်စက်သော အစွန်းတရားတို့ကို ပယ်သတ်၍၊ (၃) မဇ္ဈိမပဋိ ပဒါ– အလယ်အလတ်လမ်းစဉ် ကျင့်စဉ်သည်သာလျှင် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းမှန်သည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်ဟု ဟောဖော်ညွှန်ပြခဲ့ပေသည်။

မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဟောကြားတော် မူပြီးသော ဝါဆိုလပြည့်နေ့တွင် ကောဏ္ဍညမထေရ် ပထမဦးစွာ သောတာပန်ပုဂ္ဂိုလ်အဖြစ်သို့ ရောက်တော်မူ သည်။ ပြီးနောက် ဆက်လက်၍ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် ဝပ္ပမထေရ်၊ ဝါဆိုလပြည့် ကျော် ၂ ရက်နေ့တွင် ဘဒ္ဒိယမထေရ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်နေ့တွင် မဟာနာမ်မထေရ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်နေ့တွင် အဿဇိမထေရ်တို့ အသီးသီးသောတာပန်တည်ကြရာ ဧဟိဘိက္ခုရဟန်းအဖြစ်သို့ ရောက်တော်မူကြသည်။ ဤသို့ လျှင် ဝါဆိုလပြည့်အခါသမယသည် မြန်မာနိုင်ငံ အပါအဝင် ဗုဒ္ဓ၏ဆုံးမသြဝါဒကို ခံယူလိုက်နာ ကျင့်သုံးကြသည့် သာသနာ့နွယ်ဝင် သူတော်စင်များအတွက် နေ့ထူးနေ့မြတ် ဖြစ်ခဲ့ပေသည်။ ဤကာလ၌ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားကျောင်းမည်၊ စေတီတန်ဆောင်း၊ သိမ်ကျောင်း ဇရပ်စသည့် အမွန်အမြတ် သာသနာ့ အရိပ်အဝန်းများသို့ သွားရောက်ကာ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့် ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး ဥပုသ်သီလတရားများဆောက်တည်ခြင်း၊ ဒါတဗ္ဗဝတ္ထုအစုစုတို့ဖြင့် လှူဒါန်းခြင်းစသည့် ဒါန၊ သီလ၊ ဘာဝနာကောင်းမှုတို့အား အနယ်နယ်အရပ်ရပ် ပြုလုပ် ကျင်းပလျက်ရှိသည်မှာ ဝါဆိုလ၏ ထူးခြားသောဂုဏ်ထူး ဝိသေသတစ်ရပ်ပါပင်။

ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ကာလအတွင်း သံဃာတော် အရှင်သူမြတ်တို့ ဝါဆိုဝါကပ် ခြင်းအမှုကို ပြုကြမြဲဖြစ်သည်။ ‘‘ဣမသ္မိံ ဝိဟာရေ ဣမံတေမာသံ ဝဿံ ဥပေမိ’’ဤကျောင်းတော်-ဝိဟာရ၌ ဝါတွင်းသုံးလကာလပတ်လုံး ဝါဆိုဝါကပ်ခြင်းအမှုကို ပြု ပါမည်။ အခြားသော အရပ်တစ်ပါးသို့ ကြွချီခြင်းမပြုပါဘုရား ဟု မြတ်စွာဘုရားထံ ကတိပြု လျှောက်ထားကြရသည်။ ဝါဆိုလပြည့် (ကြာသပတေးနေ့)တွင် ဂေါတမဗုဒ္ဓလောင်း လျာ မယ်တော်မာယာ၏ ဝမ်းကြာတိုက်အတွင်း ပဋိသန္ဓေ တည်ခြင်း၊ ဝါဆိုလပြည့် (တနင်္လာနေ့)တွင် တောထွက် တော်မူခြင်း၊ ဝါဆိုလပြည့် (စနေနေ့)တွင် ဓမ္မစကြာတရား ဟောကြားတော်မူခြင်း၊ ဒိဋ္ဌိတို့ကို ဆုံးမနိုင်ခြင်းငှာ ရေ၊ မီး အစုံစုံသော တန်ခိုးပြာဋိဟာကို ပြတော်မူခြင်း၊ တာဝတိံ သာနတ်ပြည်သို့ ကြွတော်မူ၍ သတ္တမဝါကပ်တော်မူခြင်း စသည့် ဗုဒ္ဓဝင်ဆိုင်ရာ ထူးခြားမှုများရှိသည့် ဝါဆိုလအား ဗုဒ္ဓဘာသာဝင်တို့က ဓမ္မစကြာနေ့ထူးနေ့မြတ်အဖြစ် ယနေ့ တိုင် သတ်မှတ်ခဲ့ကြပါသည်။ ဝါဆိုလကို ဗေဒင်ဝေါဟာရ အားဖြင့် ကရကဋ်ရာသီဟု ခေါ်သည်။ နက္ခတ်အားဖြင့် ပြုဗ္ဗာသာဠ်နက္ခတ်၊ ရာသီရုပ်မှာ လယ်ပုစွန်လုံးရုပ်ဟု သတ်မှတ်သည်။ ရာသီပန်းကား ပုန်းညက်ပန်းဖြစ်ပြီး ကျေးလက်လယ်ကွင်းအနှံ့ ကြာပန်းရောင်စုံများ ဖူးပွင့် သည့်ကာလ ဖြစ်ပါသည်။ ပွဲတော်မှာ ပဉ္စင်းတော်ခံပွဲ၊ ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဝါဆိုပန်းခူးပွဲများ ဆင်ယင် ကျင်းပလေ့ရှိပါသည်။ နေ့ကိုလို ဝါဆို၊ ညကိုလို ပြာသို ဟုဆိုထားသဖြင့် နေ့တာရှည်၍ ညတာတိုသောလ ဖြစ်ပါသည်။ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို လဝါဆိုဟူသော ရှေးစာဆိုနှင့်အညီ ဝါဆိုလကို ဘာသာရေး နှင့်ယှဉ်၍ အလေးအမြတ်ထားခဲ့သည်မှာလည်း ယနေ့တိုင် ဖြစ်ပါသည်။

ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး။ ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုသည်နှင့်အညီ မြစ်ရေ ဝင်ရောက်လေ့ရှိသည့်ကျေးလက်တောရွာများ၏ အင်းစောင်း၊ အိုင်စောင်း၊ ရိုးစောင်း၊ ချောင်းစပ်တစ်ခိုတွင် မိကျောင်းပန်း၊ ပုန်းညက်ပန်း၊ ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ပဒုမ္မာကြာခရမ်းနှင့် မြတ်လေးပန်းများ အပါအဝင် ပန်းမာလာတို့ ဖွေးဖွေးလှုပ် လှုပ် ပွင့်ကြလေ့ရှိရာ ကျေးရွာတွင်းရှိ ကာလသမီး ကာလ သားများ လှေငယ်တက်စင်းကိုယ်စီဖြင့် ဝါဆိုပန်းခူး ထွက်ကြမြဲဖြစ်သည်။ ရရှိလာသည့် တောပန်း၊ တောင် ပန်းမွှေးမွှေးကြိုင်ကြိုင်တို့ဖြင့် ဘိုးဘွားမိဘများနှင့်အတူ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးတို့တွင် ကုသိုလ်ယူကြ သည့် မြင်ကွင်းမှာ ချစ်စရာ့ယဉ်ကျေးမှု ကျေးလက်ဓလေ့ တစ်ခုပါပင်။

အချုပ်အားဖြင့်ဆိုရပါမူ ဝါဆိုလသည် တော၊ တောင်၊ ရေ၊ မြေသဘာဝ စိမ်းစိမ်းအုပ်အုပ် စိုပြည်လှပ နေရုံမျှမက နတ်၊ လူ၊ ဗြဟ္မာသတ္တဝါအားလုံးတို့၏ အထွတ်အမြတ်ထားရာ သုံးလောကထွတ်ထား မြတ်စွာ ဘုရားရှင် ပဋိသန္ဓေယူသောနေ့ဖြစ်ခြင်း၊ တရားအနှစ် ဓမ္မစစ်ကို ရှာဖွေရန် တောထွက်တော်မူသော နေ့ထူး နေ့မြတ် ဖြစ်ခြင်း၊ ပိဋကတ်သုံးပုံ၏ အဦးအစ ဓမ္မစကြာ တရားမြတ်ကို ပဉ္စဝဂ္ဂီငါးပါးအပါအဝင် လူ၊ နတ်၊ ဗြဟ္မာ ကုဋေကုဋာသိန်းသန်းတို့အား ဟောကြားတော်မူသော နေ့ထူးနေ့မြတ်ဖြစ်ခြင်း၊ တရားရတနာနှင့် သံဃာရတနာ ကို စတင်သိရှိကိုးကွယ်ခွင့်ရရှိသော နေ့ထူးနေ့မြတ် ဖြစ်ခြင်း၊ ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာကို ပြတော်မူ သော နေ့ထူးနေ့မြတ်ဖြစ်ခြင်း၊ ဧဟိဘိက္ခုဟူသော စကားဦးစတင်ကြားရသော နေ့ထူးနေ့မြတ်ဖြစ်ခြင်း စသည့် ဘာသာရေးဆိုင်ရာအမှတ်တံဆိပ် ခတ်နှိပ် ထားသည့် နေ့ထူး လမြတ်သမယဖြစ်ရကား တစ်ဦးနှင့် တစ်ဦး မေတ္တာဖြင့် ရိုင်းပင်းကူညီဆက်ဆံနိုင်ကြပါစေ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မာစိုရ်တရားလေးပါးဖြင့် ရှင်သန်ကြီးပြင်းနိုင်ကြ ပါစေ၊ အတိတ်ကောင်းခြင်း၊ ဟိတ်ကောင်းခြင်း၊ နိမိတ်ကောင်းခြင်း၊ အလိုပြည့်ခြင်း၊ ကောင်းကျိုးချမ်းသာ မင်္ဂလာဟူသမျှနှင့်လည်း နေ့ရောညဉ့်ပါ အခါခပ်သိမ်း ရာနှုန်းပြည့် ရရှိပြည့်စုံကြပါစေ၊ အန္တရာယ်ဟူသမျှ ကင်းစင်ပကြပါစေ၊ ကံ၊ ဉာဏ်၊ ဝီရိယသုံးပါး မျှတစွာ စိုက်ထုတ်၍ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ဖြင့် ဒါန၊ သီလ၊ ဘာဝနာပွားများကာ နိဗ္ဗာန် မျက်မှောက် ပြုနိုင်ကြပါစေဟု မေတ္တာပွား ရေးသားလိုက်ရပါသည်။ ။