ကြားဖြတ်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ “ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး၏ ရှေ့ခရီးစဉ်” ခေါင်းစဉ်ဖြင့် စကားဝိုင်းကျင်းပ

နေပြည်တော် ၁၉ စက်တင်ဘာ

၂၀၁၈ ခုနှစှစ် ကြားဖြတ်ရွေးကောက်ပွဲကွဲကို လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ “ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး၏ ရှေ့ခရီးစဉ်”  ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်နောင်လတ်၊ ဦးစီးအရာရှိ ဒေါ်မေဇွန်သော် တို့ ပါဝင်ဆွေးနွေးခဲ့သည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်-

ဦးမြင့်နိုင် ။ ။ ဒီနေ့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး၏ ရှေ့ခရီးစဉ် ခေါင်းစဉ်နဲ့ ဆွေးနွေးကြမယ်။ အခု ကြားဖြတ်ရွေးကောက်ပွဲကလည်းပဲ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပတော့မယ်။ အခု ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်း တင်ပြီးပြီ။ ကိုယ်စားလှယ်လောင်းစာရင်း တင်ရမယ့်ရက်ကလည်း ပြည့်သွားပြီးပြီ။ အဲဒီတော့ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေကလည်းပဲ ဒီကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို စိစစ်ပြီးတော့မှ အတည်ပြု ကြေညာပြီးပြီ။ အတည်ပြုကြေညာပြီးတာ နဲ့တစ်ပြိုင်နက်တည်း ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ လုပ်ရတော့မယ်။

အားကြိုးမာန်တက် ဆောင်ရွက်

မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ လုပ်တဲ့အခါ ကိုယ်စားလှယ်လောင်းတစ်ဦးရဲ့လုပ်ငန်းတွေကို ကြည့်လိုက်မယ်ဆိုရင် ဒီအချိန်တိုအတောအတွင်းမှာ များစွာသော လုပ်ငန်းတွေကို အားကြိုးမာန်တက် ဆောင်ရွက်ရမယ့် သဘောရှိပါတယ်။ ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်ပွဲ ကျင်းပပြီးနောက် သူ့မှာလုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေက များပြားတဲ့အခါ ဒါတွေကို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ သိနိုင်အောင်ဆိုပြီးတော့မှ အနှစ်ချုပ်ပြီးတော့ ဘယ်လိုအချက်အလက်တွေ၊ သူတို့မှာ ဘာအခွင့်အရေးတွေ ရှိသလဲ၊ မဲဆွယ်စည်းရုံးတဲ့ လုပ်ငန်းတွေလုပ်ရာမှာ သူတို့က ဘာအချက်တွေကို ဆောင်ရွက်ရမလဲ၊ ဘာအချက်တွေကို ရှောင်ရမလဲ၊ ဒါလေးတွေကို ဆွေးနွေးကြမယ်။ အခု ဒီကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ဘယ်နှဦး တင်ထားပြီးပြီလဲ၊ အရေအတွက် ဘယ်လောက်ရှိပြီလဲ၊ နောက်ပါတီပေါင်း ဘယ်နှခုကတင်ထားသလဲ၊ ဒါလေးတွေ ဦးဇော်နောင်လတ်က အရင်ဆုံး ဆွေးနွေးပြောပြပေးပါဦး။

အမည်စာရင်း ၆၉ ဦး တင်သွင်း

ဦးဇော်နောင်လတ်။ ။ ဟုတ်ကဲ့ပါ။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုကို လေ့လာကြည့်တဲ့အခါ နိုင်ငံရေးပါတီပေါင်း ၂၄ ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၂ ဦးနဲ့ တစ်သီးပုဂ္ဂလ အမည်စာရင်း တင်သွင်းတဲ့ ပုဂ္ဂိုလ် ခုနစ်ဦး စုစုပေါင်း ၆၉ ဦး တင်သွင်းတာကို တွေ့ရှိရပါတယ်။

ဦးမြင့်နိုင် ။ ။ အဲဒီထဲမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ဘယ်နှဦးလောက်ပါသလဲ။

ဦးဇော်နောင်လတ်။ ။အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းမှုအနေနဲ့ ခုနစ်ဦးပါတာကို တွေ့ရှိရပါတယ်။

ဦးမြင့်နိုင်။ ။ နိုင်ငံရေးပါတီ ၂၄ ပါတီ က ပါဝင်ယှဉ်ပြိုင်ကြမယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတဲ့ ပါတီတွေ၊ အဲဒီပါတီတွေက ဘယ်ပါတီတွေ ဆိုတာလဲ ဦးဇော်နောင်လတ်က ဆက်ပြီးဆွေးနွေးပေးပါဦး။

ဦးဇော်နောင်လတ်။ ။ ဟုတ်ကဲ့ပါ ခင်ဗျ။ လစ်လပ်မဲဆန္ဒနယ် ၁၃ နယ်မှာ အများဆုံး တင်သွင်းတဲ့ ပါတီကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဖြစ်ပါတယ်။ ဒီလစ်လပ် မဲဆန္ဒနယ် ၁၃ နယ် မှာ ၁၀ နေရာကို ဝင်ရောက်ယှဉ်ပြိုင်တာကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြစ်ပါတယ်။ ကျန်တဲ့ ပါတီတွေကတော့လစ်လပ် မဲဆန္ဒနယ်မှာ လေးဦး၊ သုံးဦး၊ နှစ်ဦးစသည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြတာကိုတွေ့ရှိရပါတယ်။

အတည်ပြုကြေညာပေးပြီးပြီဖြစ်

ဦးမြင့်နိုင်  ။ ။ ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းဖို့ ရက်တွေက ကုန်ဆုံးသွားပြီးပြီ။ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကလည်း စိစစ်ပြီးသွားပြီ။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကိုလည်း အတည်ပြုကြေညာပေးပြီးပြီ ဖြစ်ပါတယ်။

ဦးဇော်နောင်လတ် ။ ။ ကျွန်တော်တို့ ဩဂုတ်လ ၆ ရက်နေ့မှာ အမည်စာရင်းတွေ ကြေညာခဲ့ပါတယ်။

ဦးမြင့်နိုင် ။ ။ ဩဂုတ်လ ၆ ရက်နေ့ကမဲဆန္ဒနယ်အားလုံး ၁၃ နယ်က တင်သွင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို အတည်ပြုပြီးတော့ ပုံစံ(၁၀)နဲ့ ကြေညာရတယ်။ အဲဒါကို သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေမှာလည်း ကပ်တယ်။ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှာလည်း ကပ်တယ်။ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်မှာလည်း ကပ်တယ်။ မဲဆန္ဒရှင်တွေ အားလုံး သိအောင်ကပ်တာဆိုတော့ ဒီနေရာမှာ လစ်လပ်တာက ရှမ်းတိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စားလှယ်တစ်နေရာ ရှိတယ်။ မန္တလေးတိုင်းဒေသကြီးကပါ။ သူ့အတွက်ကတော့ တိုင်းကော်မရှင်အဖွဲ့ခွဲ၊ မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲကလည်း ကပ်တယ်။ ခရိုင်ရော၊ မြို့နယ်ရော၊ ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေမှာ ကပ်ထားကြေညာပေးတယ်။ ဒါနဲ့ တစ်ဆက်တည်းပဲ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးဖို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပေးတယ်။ ကြေညာပြီးရင် ကြေညာတဲ့အတိုင်းပဲ သူတို့က မဲဆွယ်စည်းရုံးမှု လုပ်တော့မှာပါ။ ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးခွင့် ဘယ်နှလပေးတယ်ဆိုတာ ပြန်ပြီးဆွေးနွေးပေးပါဦး။

စည်းရုံးရေးကာလ သတ်မှတ်ပေးခဲ့

ဒေါ်မေဇွန်သော် ။ ။ ဟုတ်ကဲ့ရှင့်။ အဲဒီတုန်းကတော့ ရက်ပေါင်း ၆၀ ပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။ အဲဒီမှာဆိုရင် မဲဆွယ် စည်းရုံးခွင့်ကာလကတော့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ကနေပြီးတော့ ၂၀၁၇ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိကို မဲဆွယ် စည်းရုံးရေးကာလအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ဦးမြင့်နိုင်  ။ ။ ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာလည်းပဲ ရက်ပေါင်း ၆၀ အတွင်း ခုနကပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ခံနိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှုတွေ လုပ်ကြရတော့မယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း တင်သွင်းထားမှုမှာလည်းပဲ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက စိစစ်ပြီးပြီ၊ စိစစ်လိုက်ပြီပေါ့၊ စိစစ်လိုက်တဲ့အခါအခု မဲဆန္ဒနယ် ၁၃ နယ်လုံးမှာ ကန့်ကွက်မယ့်သူ မရှိပါဘူး၊ ကန့်ကွက်တဲ့သူ မရှိဘူး၊ အမည်စာရင်းတင်သွင်းတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အားလုံးကိုပဲ အတည်ပြုတယ်၊ အတည်ပြုပြီးတော့ ဩဂုတ် ၆ ရက်က ပုံစံ(၁၀)နဲ့ အတည်ပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ကြေညာခဲ့တယ်။ အဲဒီလို ကြေညာတဲ့နေရာမှာလည်း မဲဆန္ဒရှင်ပြည်သူတွေသိအောင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှာလည်းကပ်တယ်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှာလည်း ကပ်တယ်၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးမှာလည်းကပ်တယ်။

မဲဆွယ်ယှဉ်ပြိုင်ခွင့်ရ

မန္တလေးတိုင်းဒေသကြီးမှာ ရှမ်းတိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးရှိတဲ့အခါ မန္တလေးတိုင်းဒေသကြီး ကော်မရှင် အဖွဲ့ခွဲရုံးမှာလည်း ကပ်တယ်၊ နောက်ပြီးတော့ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ လည်း ကပ်တယ်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ နောက်ရပ်ကွက်နဲ့ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံး၊ ဒါတွေကိုလည်းပဲ အသိပေးကပ်မှာပါ။ အဲဒီလို ပုံစံ(၁၀)နဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းကပ်ထား ကြေညာပြီးရင်တော့ဖြင့် အဲဒီ ပုံစံ(၁၀)မှာပါတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်ယှဉ်ပြိုင်ခွင့်ရမယ်။ မဲဆွယ်ယှဉ်ပြိုင်ခွင့်ရသွားပြီ။ သူတို့ကို မဲဆွယ်စည်းရုံးနိုင်အောင် လို့လည်းပဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တစ်ဆက်တည်းပဲ ကြေညာချက် ထုတ်ပြီးတော့ မဲဆွယ်စည်းရုံးခွင့်လည်းပဲ သတ်မှတ်ပေးတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက သူတို့ရွေးကောက်ခံနိုင်ရေးအတွက် မဲဆွယ် စည်းရုံးမှုတွေ ပြုလုပ်ရတယ်။ မဲဆွယ်စည်းရုံးမှုတွေပြုလုပ်တဲ့အခါမှာ သူတို့မှာ ဘယ်လိုအခွင့်အရေးတွေရှိလဲ၊ ဥပဒေကဘယ်လိုပြဋ္ဌာန်း ထားတယ်ဆိုတာကိုလည်းဆွေးနွေးစေချင်ပါတယ်။

အခမဲ့ကူးယူခွင့်ရှိ

ဒေါ်မေဇွန်သော် ။ ။ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးရဲ့ အခွင့်အရေးတွေက နံပါတ်တစ်အနေနဲ့ တရားဝင် နောက်ဆုံးထုတ်ပြန်ကြေညာလိုက်တဲ့ မဲစာရင်းတစ်စုံကို အခမဲ့ကူးယူခွင့်ရှိပါတယ်။ နံပါတ်နှစ်အနေနဲ့ မိမိကိုယ်ကိုဖြစ်စေ၊ အခြားသူ တစ်ဦးဦးကိုဖြစ်စေ မိမိ၏ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ခန့်ထားခွင့်ရှိပါတယ်။ နံပါတ်သုံးအနေနဲ့ မဲရုံအသီးသီး၌ မိမိ၏ ကိုယ်စားဆောင်ရွက်ရန် မဲရုံကိုယ်စားလှယ်တစ်ဦးနှင့် အကူကိုယ်စားလှယ် တစ်ဦးခန့်ထားခွင့်ရှိပါတယ်။ နံပါတ်လေးက လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း မဲဆွယ်စည်းရုံး ဟောပြောခွင့်နှင့် ရေးသားပုံနှိပ်ထုတ်ဝေ စည်းရုံးခွင့်ရှိပါတယ်။ နံပါတ်ငါးက မဲဆွယ်စည်းရုံးရာတွင် သတ်မှတ်ထားသည့်အတိုင်း ငွေကျပ်သိန်းတစ်ရာအထိ သုံးစွဲခွင့်ရှိပါတယ်။

နံပါတ်ခြောက်က ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲရုံတွင် ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲပေးခြင်း လက်မှတ်များကို ရေတွက်ခြင်းစသည့် လုပ်ငန်းစဉ်အားလုံး ကြည့်ရှုခွင့်ရှိပါတယ်။ နံပါတ်ခုနစ်က ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ သတ်မှတ်ထားချက်များနှင့်အညီ တိုင်တန်းလျှောက်ထားခွင့်ရှိပါတယ်။ နံပါတ်ရှစ်က ရွေးကောက်တင်မြှောက်ခံရသူအား ကန့်ကွက်လိုလျှင် သတ်မှတ်ထားချက်များနှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းနိုင်ခွင့်ရှိပါတယ်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

ဦးမြင့်နိုင် ။ ။ ဒါကတော့ အနှစ်ချုပ်လေးပါ။ သေသေချာချာကတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေတွေကို လေ့လာရဦးမှာပါ။ အဓိက အခွင့်အရေးတွေပေါ့။ ဒါတွေကို သိသင့်တယ်။ ခုနက ဆွေးနွေးတဲ့အထဲမှာပါတဲ့ သတ်မှတ်ထားတဲ့အတိုင်း ငွေကျပ်သိန်းတစ်ရာအထိ သုံးစွဲနိုင်တယ်ဆိုတော့ အဲဒီသိန်းတစ်ရာက ဘယ်လိုလဲဆိုတာ ပြောပြပေးပါဦး။

ကုန်ကျစရိတ်ကို ကျခံခွင့်ရှိ

ဒေါ်မေဇွန်သော်။ ။ ကျွန်မနားလည်တာကတော့ ကိုယ်ပိုင်ငွေကြေးနဲ့ ဖြစ်စေ၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံသား တစ်ဦးချင်းစီကဖြစ်စေ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းရဲ့ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီအစုအဖွဲ့များကဖြစ်စေ တရားဝင်ရရှိထားတဲ့ ငွေကြေးတွေထဲက ထည့်ဝင်လှူဒါန်းတဲ့ငွေနဲ့သော်လည်းကောင်း၊ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းက ထောက်ပံ့တဲ့ ငွေကြေးနဲ့သော်လည်းကောင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ကျခံခွင့်ရှိတယ်လို့ နားလည်ထားပါတယ်။

ဦးမြင့်နိုင် ။ ။ မှန်ပါတယ်။ ဒါပေမယ့်သိန်းတစ်ရာ ထက်တော့မပိုရဘူး။ သိန်းတစ်ရာထက်တော့ ပိုမသုံးနဲ့။ ခုနကပြောတဲ့ ငွေကြေးတွေကို သုံးစွဲနိုင်တယ်။ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုတွေ ကျူးလွန်ရင်လည်းပဲ သတ်မှတ်ထားတာတွေနဲ့အညီတိုင်တန်းနိုင်တယ်။ ဒါကို ဘယ်လိုသတ်မှတ် ထားသလဲ။

ဒေါ်မေဇွန်သော် ။ ။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ကျူးလွန်တယ်ဆိုရင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကျူးလွန်တဲ့ သူတွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်မှာရှိတဲ့ မဲဆန္ဒရှင်တစ်ဦးဦးကပဲ ဖြစ်ဖြစ်၊ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲကိုယ်စား လှယ်ကပဲ ဖြစ်ဖြစ်၊ သက်ဆိုင်ရာမဲရုံမှာရှိတဲ့ ကော်မရှင်အဖွဲ့ဝင်၊ မဲရုံအဖွဲ့ တစ်ခုခုမှာ ပါဝင်တဲ့ အဖွဲ့ဝင်က သက်သေ အထောက်အထားခိုင်လုံစွာနဲ့ ရွေးကောက်ပွဲမကျင်းပမီသော် လည်းကောင်း၊ ရွေးကောက်ပွဲ ကျင်းပနေစဉ်သော်လည်းကောင်း၊ ရွေးကောက်ပွဲ ကျင်းပသောနေ့ကနေ ၁၅ ရက်အတွင်း ဥပဒေနဲ့အညီ တိုင်တန်းလျှောက်ထားနိုင်ပါတယ်။

၁၅ ရက်အတွင်း တိုင်တန်းခွင့်ရှိ

ဦးမြင့်နိုင် ။ ။ ဒါကလည်းသတြိပုရမှာပါ။ ရွေးကောက်ပွဲပြီး ၁၅ ရက် နောက်ပိုင်းဆိုရင်တော့ တိုင်တန်းလို့မရတော့ဘူး။ ဒါ့ကြောင့် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးအနေနဲ့ ဒီအခွင့်အရေးရှိတယ်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေ အခန်း ၁၃ မှာ ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုရင် ရွေးကောက်ပွဲ မကျင်းပမီပဲ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲ ကျင်းပနေချိန်မှာပဲဖြစ်ဖြစ် ရွေးကောက်ပွဲ ကျင်းပပြီးနောက် ၁၅ ရက်အတွင်း တိုင်တန်းခွင့်ရှိတယ်။ နောက်ဆုံးတစ်ချက်ကတော့ ကန့်ကွက်လွှာတင်ရင်လည်း သတ်မှတ်ချက်အတိုင်း ကန့်ကွက်လွှာတင်နိုင်တယ်လို့ ဆွေးနွေးသွားတာရှိတယ်။ ကန့်ကွက်လွှာတင်နိုင်ဖို့ သတ်မှတ်ချက် အကျဉ်းချုပ်လေး၊ သိသင့်တာလေးတွေကို ဆက်စပ်ပြောပြပေးပါဦး။

ဒေါ်မေဇွန်သော် ။ ။ ဟုတ်ကဲ့ရှင့်။ ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းချင်တယ်ဆိုရင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းကပဲဖြစ်ဖြစ်၊ ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းကပဲဖြစ်ဖြစ်၊ ဒီမဲဆန္ဒနယ်မှာရှိတဲ့ မဲဆန္ဒရှင်ကပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာတဲ့ရက်ကစပြီးတော့ ၄၅ ရက်အတွင်း လူပုဂ္ဂိုလ်ကိုယ်တိုင်သော်လည်းကောင်း၊ စာနဲ့ အခွင့်အာဏာ လွှဲအပ်ထားတဲ့ သူကသော်လည်းကောင်း တိုင်တန်းနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။