ဒိုဟာ နိုဝင်ဘာ ၁၀

 

ကာတာနိုင်ငံသည်  အစ္စရေးနှင့်  ဟားမတ်စ်တို့အကြား  အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်စေ့စပ်သည့်  ကြိုးပမ်းမှုများကို ရပ်တန့်တော့မည် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ဖော်ပြောကြားသည်။ အမေရိကန်၊  အီဂျစ်နိုင်ငံတို့နှင့်အတူ ကာတာနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသ၌  အပစ်အခတ်ရပ်စဲရေးနှင့် နယ်မြေအတွင်း  ထိန်းသိမ်းခံထားရသော ဓားစာခံများကို လွှတ်ပေးရန် ကြိုးပမ်းလျက်ရှိသည်။  သို့သော်လက်ရှိတွင် အဆိုပါငြိမ်းချမ်းရေး ဆွေးနွေးပွဲများ  ရပ်တန့်လျက်ရှိသည်။

 

ကာတာနိုင်ငံ အနေဖြင့် အစ္စရေး-ဟားမတ်စ်တို့အကြား သဘောတူညီချက်ရရှိရန် မကြာသေးမီက ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ သို့သော် အဆိုပါကြိုးပမ်းမှုသည် ကောင်းမွန်သောရလဒ်ထွက်ပေါ်ခြင်း မရှိသည့်အတွက် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ကြိုးပမ်းမှုများကို ဆိုင်းငံ့မည်ဖြစ်ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

 

စစ်ပွဲတွင်ပါဝင်သူအားလုံး ငြိမ်းချမ်းရေးကိုလိုလားပြီး ကြားဝင်စေ့စပ်သည့်နိုင်ငံများ၏ ဆန္ဒကို အပြန်အလှန် လေးစားမှုရှိသည့်အချိန်မှသာ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ကာတာအနေဖြင့် ပြန်လည်ပါဝင်မည် ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌ ဟားမတ်စ်အဖွဲ့၏ ရုံးခန်းကို ပြောင်းရွှေ့ရန် အမေရိကန်က ကာတာနိုင်ငံကို တောင်းဆိုခဲ့ကြောင်း သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့မှ အရာရှိတစ်ဦးက နိုဝင်ဘာ ၉ ရက်တွင် ထုတ်ဖော် ပြောကြားသည်။

 

မြို့တော် ဒိုဟာရှိ ဟားမတ်စ်အဖွဲ့ရုံး၏ အဓိကရည်မှန်းချက်မှာ ငြိမ်းချမ်းရေးသဘောတူညီမှုရရှိရန် ပါဝင်ကြိုးပမ်းသည့် နိုင်ငံများနှင့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုရရှိရန်ဖြစ်ကြောင်း ကာတာပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။ အစ္စရေး-ဟားမတ်စ် ငြိမ်းချမ်း ရေးဆွေးနွေးမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်သည့် နိုင်ငံများမှ ကာတာနိုင်ငံ နုတ်ထွက်မည်ဆိုပါက စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ရာတွင် ပိုမိုခက်ခဲမှုများနှင့်ရင်ဆိုင်ရဖွယ်ရှိကြောင်း စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

 

အစ္စရေးတပ်ဖွဲ့က ဂါဇာ ကမ်းမြောင်ဒေသ၌ ထိုးစစ်ဆင်နွှဲမှုကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၉ ရက်တွင် အစ္စရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ဂါဇာမြောက်ပိုင်းရှိ ဘိတ်လာဟီးယားမြို့နှင့် အခြား နေရာများတွင် လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်