ကျောက်ဆည် ၂၁ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ဖေဖော်ဝါရီ (၂၀) ရက်ည(၁၁)နာရီခွဲခန့်က ရန်ကုန်-မန္တလေး ကားလမ်းကြီး ဇော်ဂျီမြစ်ကူးတံတား မြောက်ဘက်တွင် ဆိုင်ကယ်လုယက်ခဲ့သူများအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး ကားလမ်းကြီးအတိုင်း လမ်းလျှောက်လာသည့် ကျော်မင်းအေးနှင့် သက်ပိုင်စိုးတို့အား သူငယ်ချင်းဖြစ်သူ ကိုကိုမှ ဇော်ဂျီမြစ်ကူးတံတား မြောက်ဘက် ဦးကျော်ဖေ (ကားဝပ်ရှော့) အနီးတွေ့ရှိသဖြင့် ၂၂ယ/------ ANBO CZI-125 အနက်ရောင် ဆိုင်ကယ်ဖြင့် လာရောက်ခေါ်သည့်အချိန်တွင် ထရပ်ကာ ဆိုင်ကယ်ဖြင့် အမည်မသိလူ (၃) ဦး ရောက်ရှိလာပြီး ဓါးများကိုထုတ် ခြိမ်းခြောက်သောကြောင့် ကိုကို၊ ကျော်မင်းအေးနှင့် သက်ပိုင်စိုး တို့ (၃)ဦး မှာ ANBO CZI-125 ဆိုင်ကယ်အား ထားခဲ့၍ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းဇော်မြင့်မှ တာဝန်ယူပြီး စုံစမ်းရှာဖွေခဲ့ရာ ဇန်နဝါရီ (၂၁) ရက်နံနက် (၈) နာရီ မိနစ်(၄၀) တွင် တရားခံများဖြစ်ကြသည့် မြို့ဦးရပ်ကွက်နေ ကျော်ကျော်လတ် (ခ) အောင်ပု၊ ပြည်ပန်းရွာနေ ဇော်ကြီး (ခ) အကြီးကောင်နှင့် နေလင်းဦး၊ တံတားလည်ရပ်ကွက်နေ ပြည့်ဖြိုးမောင် (ခ) ဝမ်ချိုင်း၊ အင်ဒိုင်း ကျေးရွာနေ သက်မှူးမောင်မောင် (ခ) ကွမ်းသီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

           

သက်မောင်(ကျောက်ဆည်)