ကျောက်ဆည်        အောက်တိုဘာ       ၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင်လှူပွဲတော်နှင့်ဆင်အကအလှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရွှေသာလျောင်းတောင်ခြေ ဆင်အကအလှပြိုင်ကွင်းဗဟိုမဏ္ဍပ်၌ ကျင်းပသည်။    

အခမ်းအနားကို နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် တိုးမြင့်ကျော်၊ ဗိုလ်မှူးချုပ် မင်းနိုင်ဝင်း၊ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်သူ၊ ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ ကျောက်ဆည်အသင်း(ရန်ကုန်)ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီးမျိုးမြင့်၊   မြို့မိ၊ မြို့ဖ  ဦးကျော်ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်ဆင်များက အောင်စေ၊ ပိုင်စေသီချင်းဖြင့်ဧည့်ခံဖျော်ဖြေခဲ့ပြီး ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဧည့်သည်တော်များအား    ဆင်အကအလှပြိုင်ပွဲ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်ဆင်များက  မြန်မာပြည်သားသီချင်းဖြင့် သီဆိုကပြကာ ဆင်ပြိုင်ကွင်းမှ  ပြန်လည်ထွက်ခွာခဲ့ပြီး ဇော်ဂျီမောင် ဧည့်ခံဆင်အဖွဲ့က ဆင်အကအလှ စွမ်းရည်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထို့နောက် ဆင်အကအလှပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဧည့်ခံဆင်တစ်စီး၊ ဂုဏ်ပြုဆင်နှစ်စီး၊ သက်ကြီးဆင်လေးစီး၊ ပြိုင်ပွဲဝင်ဆင် ၁၄ စီး၊ မြို့မဈေး ပတ်ဆင် ၆၂ စီး စုစုပေါင်း ၈၃ စီး    ပါဝင်ကြောင်းနှင့် ပြိုင်ပွဲများပြုလုပ်ရာ၌ ရိုးရာ(လူကြီးဆင်)၊ ရိုးရာ (ကလေးဆင်)၊ ဘော်ကြယ်ဆင်၊   သဘာဝတီထွင် ဆန်းသစ်မှုဆင်  စသည့်ပြိုင်ပွဲလေးမျိုးကျင်းပခဲ့ပြီး  ပြိုင်ပွဲများအလိုက်    ဆုရရှိခဲ့သည့်    ဆင်များအား ဂုဏ်ပြုဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။                     

သက်မောင်(ကျောက်ဆည်)