ကောက်ကောက်ညွန့် ရခိုင်ချက်

၄ သြဂုတ် 

 

ပြီးခဲ့တဲ့စနေနေ့က ကမာရွတ်မြို့နယ်ပြည်လမ်းပေါ်က ယုဒသန်ခန်းမမှာပြုလုပ်တဲ့စနေဈေး (Saturday Market )ကို ရောက်သွားပါတယ်။ အော်ဂဲနစ်ထုတ်ကုန်တွေကို ခင်းကျင်းရောင်းချတဲ့ဈေးလေးပါ။ စိတ်ဝင်စားစရာ ကောင်းတာက လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်တွေ ရောင်းချနေတာကိုပါတွေ့လိုက်ရလို့ပါပဲ။  ရောင်းချနေတဲ့ခရစ်ယာန်သီလရှင်အဖွဲ့ကို မေးကြည့်တော့ကျောက်တန်းဘက်က ရောင်းတာပါတဲ့။

 

ချဉ်ပေါင်၊ ကန်စွန်း၊ ဓနိသီး၊ ပိန္နဲသီးအကင်းလေးတွေ၊ ခရမ်းကစော့ခါးသီး၊ကင်းပုံညွန့် အစုံတွေ့ရပါတယ်။ ဘေးနားကရောင်းနေတဲ့ တစ်ဖွဲ့မှာတော့ အမြင်စိမ်းတဲ့ဟင်းသီးဟင်းရွက်တွေမို့ မေးကြည့်တော့ကောက် ကောက်ညွန့်၊ စိန္နဘော်ညွန့်၊ ကဒတ်ညွန့်၊ ကန်စွန်းကြီးရွက်နဲ့ သခွပ်ပွင့်ခြောက်တွေပါတဲ့။ ဘယ်က လာတာ လဲလို့မေးကြည့်တော့ရခိုင်ပြည်နယ် အမ်းမြို့ဘက်ကနေ အဝေးပြေးကားနဲ့ ပို့လိုက်တာပါတဲ့။ ရောင်းတဲ့အဖွဲ့ ကလည်း ရခိုင်အဖွဲ့ပါပဲ။

 

သဘာဝကရတဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်တွေကတစ်ဆင့် အော်ဂဲနစ်သီးနှံစိုက်ပျိုးရေး ဈေးကွက် တစ်ခုရရှိ လာအောင် ဆောင်ရွက်နေကြတာဖြစ်ပါသတဲ့။ ရည်ရွယ်ချက်ကတော့အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာဖွံ့ဖြိုး လာပြီးစားသုံးသူများ ဘေးအန္တရာယ်ကင်းသောအာဟာရတန်ဖိုးမြင့်မားသော အစားအစာများကို စားသုံးနိုင်ဖို့ ပါတဲ့။ ဈေးဝယ်တွေထဲမှာနိုင်ငံခြားသား အတော်များများကိုလည်းတွေ့ရပါတယ်။

 

ရောင်းတဲ့ဈေးနှုန်းတွေကတော့ ပုံမှန်ထက်စာရင် ဈေးနည်းနည်းကြီးတယ်လို့ထင်ရပေမယ့် အော်ဂဲနစ် သဘာဝသီးနှံတွေဆိုတဲ့အသိနဲ့ တကူးတကလာဝယ်ကြတာကို တွေ့ရပါတယ်။ ရောင်းသူတွေဘက်မေးကြည့် တော့ရပ်ဝေးကလာရတာမို့ သယ်ယူပို့ဆောင်စရိတ်နဲ့ဆို မကိုက်လှပါဘူးတဲ့။ ဒါပေမယ့် ရေရှည်မှာ အော်ဂဲနစ် ထုတ်ကုန် ပြည်တွင်း၊ ပြည်ပဈေးကွက်တစ်ခုရလာဖို့အတွက် ကြိုးစားနေကြတာလို့ ဆိုပါတယ်။

 

ရခိုင်ပြည်နယ် အမ်းမြို့ဘက်ကလာတဲ့ကောက်ကောက်ညွန့်ကို တချို့က ဍကောက်ညွန့်လို့လည်း ခေါ်ပါတယ်။ ရာသီပေါ် ဟင်းရွက်တစ်မျိုးဖြစ်ပြီး ပြည်မဘက်မှာလည်းတွေ့ရပါတယ်။ သို့ပေသိ ပြည်မဘက်က ကောက် ကောက်ညွန့်က အလုံးပိုတုတ်ပြီး အရွယ်ကြီးပါတယ်။ရခိုင်ဘက်မှာတော့ ကောက်ကောက်ညွန့်ကိုအတို့အမြှုပ်အပြင် ဟင်းရွက်ကြော်ချက်ချက်စားပါသတဲ့။ အစိမ်း အတိုင်းမှာတော့ဝါးလိုက်ရင် ကြွပ်ပြီး ရေသောက်တဲ့အခါပူရှိန်းရှိန်းအရသာ ရှိပါတယ်။

 

ကောက်ကောက်ညွန့် ဆိုတဲ့အတိုင်းထိပ်ဖျားပိုင်း အညွန့်ကလေးက ခရုပတ်ပုံဝိုင်းပြီး ကောက်နေ တာကိုတွေ့ ရပါတယ်။ဟင်းချက်မယ်ဆိုရင် ကောက်ကောက်ညွန့်ကိုရေစင်စင်ဆေး အရင့်ပိုင်း တွေဖယ်ပစ်ပြီး အနေ တော်ဖြတ်ရပါမယ်။ ပြီးက ဒယ်အိုးထဲထည့်၊ ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်၊ကြက်သွန်နီတစ်လုံးလောက် လှီးထည့်ပြီးပုစွန်ငါးပိလက်တစ်ဆစ် ပုစွန်စိုမရခဲ့ရင် ပုစွန်ခြောက် လေးငါးဆယ်ကောင်၊ လေးစိတ်ကွဲ ထောင်း ထည့်၊ နနွင်းဖြူး ဆီလေးဝေ့ရုံဆမ်းပြီးဖိုပေါ်တင်ပါ။ ဟင်းအိုးဆူလာရင် အဖုံးဖွင့်အထက်အောက် နှံ့အောင် မွှေပါမယ်။ ဟင်းရွက်ညွန့်က ရေထွက်လာတာမို့ချက်ရတာ အနူးမြန်ပါတယ်။ အစပ်ကြိုက်ရင် ကုလား အော်သီးလေးခွဲထည့် အပေါ့အငန်မြည်းပြီး အရည်စပ်စပ်လေးနဲ့ချက်ပါမယ်။ ကောက်ကောက်ညွန့် ကြော်ချက် က ချက်ရတာလွယ်ပြီးသဘာဝ ဟင်းရွက်ညွန့်ဖြစ်တာမို့ လေးပင်တဲ့အချိုအရသာပေါ်လွင်တဲ့ ကျေးလက်ဟင်း တစ်ခွက်ပါ။ အသီးအရွက် ကြိုက်သူများအဖို့စမ်းချက်စားကြည့်ဖို့ လက်တို့လိုက်ပါရစေ။

 

စံလွင် (ငါးဦးစီး)