ကျောက်ကြီး ၁၄ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မိချောင်းဂေါင်းကျေးရွာအုပ်စု ဥသျှစ်ခင် ကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီ ဝန်းကျင်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ တာဝန်သိပြည်သူတစ်ဦးမှ တယ်လီဖုန်းဖြင့် သတင်းပေးပို့လာသဖြင့် ကျောက်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးလောင်ရာနေရာသို့ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ရေသယ်ယာဉ်(၁)စီး သန္ဓေတပ်ဖွဲ့ဝင် (၁၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ စုစုပေါင်း(၃၂)ဦးတို့ဖြင့် သွားရောက်၍ငြိမ်းသတ်ခဲ့ရာ မီးလောင်မှု ဖြစ်ပွားသော နေရာသည် ကျောက်ကြီးမြို့နယ်မီးသတ်စခန်း၏ အနောက်မြောက်ဘက် ခန့်မှန်း (၈)မိုင်ခန့်အကွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညနေ (၄) နာရီအချိန်တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ကျောက်ကြီးမြို့နယ် မီးသတ်စခန်းမှ သိရသည်။
မီးလောင်မှု အကြောင်းရင်းမှာ တောမီးလောင်ကျွမ်းရာမှ တစ်ဆင့် မိချောင်းဂေါင်းကျေးရွာအုပ်စု၊ ဥသျှစ်ခင်ကျေးရွာ အစွန်ပိုင်းတွင်နေထိုင်သော ဦးမြင့်စိုး၏ (၃x၃) ပင်၊ (၁၀'x၁၂') ပေ၊ သက်ငယ်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ်(၁)လုံး၊ဦးအုန်းထွန်း၏ (၃x၃) ပင်၊ (၁၀'x၁၂') ပေ၊ သက်ငယ်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ်(၁)လုံး၊စုစုပေါင်းနေအိမ်(၂)လုံး မီးလောင် ဆုံးရှုံးခဲ့သည်။
မီးလောင်မှုကြောင့်လူသေဆုံး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ကြီး မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အမှုမှန်ပေါ်ပေါက်ရေးတွက် ဆက်လက်စုံစမ်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကိုသားကြီး( ကျောက်ကြီး)


