နေပြည်တော် အောက်တိုဘာ ၁၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၌ ကျောင်းသား ကျောင်းသူများ အမြန်ဆုံး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ပူးပေါင်း၍ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ကျောက်မဲမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းကို အောက်တိုဘာ ၈ ရက်တွင် လည်းကောင်း၊ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံ ပညာအလယ်တန်းကျောင်းကို အောက်တိုဘာ ၁၅ ရက်တွင် လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး   ယနေ့တွင် အခြေခံပညာ အထက်တန်းကျောင်း (နောင်ပိန်)ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ရာ ယနေ့အထိ  အခြေခံပညာကျောင်း လေးကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းလာရောက်အပ်နှံမှုအနေဖြင့် ယနေ့တွင် ကျောင်းသား ကျောင်းသူ ၅၈၉ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၆၃၆ ဦး ကျောင်းတက်ရောက်လျက်ရှိပြီး စာပေပညာများကို စိတ်အေးချမ်းသာစွာ သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ထပ်မံကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်း ပေးအပ်ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြသည်။

 

ထို့ပြင် ကျောက်မဲမြို့သို့   ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများအား   အိမ်ထောင်စု စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးကြသည်။

 

ယင်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူသွားလာ နေထိုင်လျက်ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံ ဖွင့်လှစ်ကာ ဆေးကုသပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၉၁ ဦးနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာတစ်ဦး တို့ကို လိုအပ်သည့်   ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်