လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့အတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော် အောက်တိုဘာ ၄
တပ်မတော်က ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter- Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ကျောက်မဲမြို့၌ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် မြို့ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူလူထုနှင့်ပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်မဲမြို့ရှိ အုပ်ချုပ်ရေးယန္တရားများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နိုင်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဥပဒေရုံး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ ဝန်ထမ်း ၃၄ ဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ကျောက်မဲမြို့သို့ ထပ်မံရောက်ရှိကြပြီး ၎င်းတို့နှင့် အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် လှူဒါန်းသော ဆန်အိတ် ၅၀၀ နှင့် ဆီပိဿာ ၅၀၀ တို့ ထပ်မံရောက်ရှိလာသဖြင့် အောက်တိုဘာ ၃ ရက်မှ ယနေ့အထိ စုစုပေါင်း ဆန်အိတ် ၁၀၀၀၊ ဆီပိဿာ ၁၀၀၀၊ ပဲပိဿာ ၃၀၀၊ ဆားပိဿာ ၅၀၀၊ Family Kits ၆၇ ပုံးတို့ ရောက်ရှိပြီဖြစ်ပြီး အဆိုပါစားသောက်ကုန်၊ အသုံးအဆောင် ပစ္စည်းများကို ဒေသခံပြည်သူများ၏ လက်ဝယ် အရောက် ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ယာယီနေရပ်စွန့်ခွာခဲ့သည့် ဒေသခံတိုင်းရင်းသားပြည်သူများသည်လည်း ကျောက်မဲမြို့သို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနေရာချထားပေးခြင်းများနှင့် လိုအပ် သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေး
၎င်းအပြင် စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ကျောက်မဲမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေ ရေးအတွက် ရေနုတ်မြောင်းများ ဆယ်တင်တူးဖော် ပေးခြင်းနှင့် စာသင်ခန်းများအတွင်း၊ အပြင်သန့်ရှင်း ရေးပြုလုပ်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးကြပြီး ကျောက်မဲမြို့ ကျက်သရေဆောင်ခန်းမ၊ ကျောက်မဲမြို့မဈေးနှင့် ပတ်ဝန်းကျင်နေရာများ၌လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးကြသည်။
ထို့ပြင် ကျောက်မဲမြို့နယ် တည်ငြိမ်အေးချမ်း သာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်


