ကျောက်ဖြူ ၁၃ ဧပြီ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမ၌ ယနေ့ နံနက် ၈ နာရီက ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ကျင်းပရာ ကျောက်ဖြူခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွဋ်ဦးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အလိုက် ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နံ့သာသွေးပြိုင်ပွဲ ကျင်းပရေးကော်မတီ နာယက ဒေါ်တင်တင်အုန်းမှ ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်ကိုယ်စားပြု အသင်း (၁၁)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆုတံဆိပ်ဆုများရှင် မောင်ပိုင်ဖြိုးကိုမှ အခမ်းအနား တက်ရောက်လာကြသူများအား "မင်္ဂလာ (၁၂)ပါး"၊ "စည်တော်ကြီး"၊ "မန်းတောင်ရိပ်ခို" စသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ နံ့သာသွေးပြိုင်ပွဲတွင် ပထမဆုရရှိသော တောင်ရင်းအုပ်စုအား ခရိုင်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌမှ လည်းကောင်း၊ ဒုတိယဆုရရှိသော ကုလားပိုက်ဆိပ်ရပ်ကွက်အား ခရိုင်လ.ဝ.က ဦးစီးမှူးမှ လည်းကောင်း၊ တတိယဆုရရှိသော ပြင်ဖြူမော်အုပ်စုအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
အောင်သန်းနိုင်(ပြန်/ဆက်)


