ကျောက်ပန်းတောင်း ၂၃ မတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၁၃၇၉ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့်ပါဠိ ပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသော သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို မတ် ၂၂ ရက်နေ့၊ နံနက် ၉ နာရီက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ဆရာလေးများနှင့် လူပုဂ္ဂိုလ်ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပေးကြပြီး၊ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသူရိယထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး၊ ဘိသိတ်ဆရာ ငြိမ်းချမ်းက ရတုဖြင့်ဖျော် ဖြေတင်ဆက်သည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့ကို အခမ်းအနားမှူးက ဖတ်ကြားလျှောက်ထားပြီး၊ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒ န္တသူရိယထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေကြသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် လှူဘွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်ပူဇော်ကြပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၁၃၇၉-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဋ္ဌိပထမပြန်စာမေးပွဲကို ဓမ္မာစရိယ(၁၈)ပါး၊ ပထမကြီးတန်း(၆၈)ပါး၊ ပထမလတ်တန်း(၆၅)ပါးနှင့် ပထမငယ်တန်း(၈၇)ပါးနှင့် အခြေပြုမူလတန်း(၉၀)ပါး အောင်မြင် တော်မူခဲ့ကြပြီး၊ ဓမ္မာစရိယ အောင်(၁၈)ပါးတွင် သီလရှင်ဆရာလေး(၂)ပါးပါဝင်ခဲ့ကြောင်း သိရသည်။
နေအောင်(iprd)


