ကော့ကရိတ်မြို့အတွင်း ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင် တာဝန်ရှိသူများက လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ဘားအံ ဧပြီ ၂၈

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် မြို့နေပြည်သူလူထုသည် ဘေးလွတ်ရာ ဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အအုံများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းမှု အားကောင်းလာပြီဖြစ်သည့်အတွက် ဧပြီ ၂၇ ရက် နံနက်ပိုင်းမှစ၍ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက် နေထိုင်လာကြရာ တာဝန်ရှိသူများက လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကော့ကရိတ်မြို့အတွင်း အများပြည်သူအေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကော့ကရိတ်မြို့အတွင်း ထိခိုက်ပျက်စီးမှုများ၊ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်း၊ လုံခြုံရေးအစီအမံများ ဆောင်ရွက်ပေးခြင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေအိမ်မီးလောင် ပျက်စီးဆုံးရှုံး အိမ်ထောင်စုများအား နေရာချထားပေးနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ဆန်ရိက္ခာများ၊ ကယ်ဆယ်ရေးပစ္စည်းများ စုပုံထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ နေရပ်ပြန်လည်နေထိုင်သည့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)