ကျောက်တံခါး  ၁၀ ဇန်နဝါရီ


ပဲခူးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀ဝ/ဝအနီး ကျောက်တံခါးမြို့တွင်း စာတိုက်ရပ်ကွက် လမ်းဦးစီးဌာနရုံးရှေ့တွင် ဇန်နဝါရီ ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်က ၂၂ ဘီးတွဲယာဉ်ပေါ်မှ မှန်ချပ်များ လမ်းမပေါ်သို့ပြိုကျကာ မှန်ချပ်များ ကွဲကြေပျက်စီးခဲ့ကြောင်း သိရသည်။

 

မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ကျော်မင်းထွန်း ၂၇ နှစ် တပ်ကုန်းမြို့ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်သည့် ယာဉ်အမှတ် MDY-7N/------HINO အဖြူရောင် ၂၂ ဘီးတွဲယာဉ်သည် ရှေ့မှရပ်တန့်နေသော ယာဉ်တန်းနောက်သို့ရပ်ရန် အရှိန်လျှော့ဘရိတ်အုပ်မောင်းနှင်စဉ် ယာဉ်ပေါ်မှ မှန်ချပ်များသည် လမ်း၏ ယာဘက်ခြမ်း လမ်းမပေါ်သို့ ပြိုကျကာ မှန်ချပ်များကွဲကြေပျက်စီးခဲ့ပြီး ယာဉ်မောင်းနှင့်ယာဉ်တို့ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။

 

55

 

ထိုသို့ ဖြစ်ပွားရာနေရာသို့ ကျောက်တံခါးမြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိကာ ယာဉ်လမ်း ကြောင်း ပိတ်ဆို့မှုမရှိစေရေးအတွက်ဆောင်ရွက်လျက်ရှိပြီး လမ်းမပေါ်သို့ ကျရောက်နေသည့် မှန်ကွဲမှန်စများ ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)