ရန်ကုန်  ၂၁  မတ် 


ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ၊ ပီလခတ်ကျေးရွာရှိ စရီအန်ဂါလဲ အိစ်ဝါရီ၊ စရီမူနီစ်ဝါရရ် ဘုရားကျောင်းတော်ကျေးရွာမီးလင်းရေး၊ ဘုရားကျောင်းလျှပ်စစ်မီး သွယ်တန်းခြင်း မီးဖွင့်ပွဲနှင့် ထမင်းစားဆောင် ဓမ္မာရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညပိုင်းက အဆိုပါ ဘုရားကျောင်းဝင်း အတွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

 

http://www.mdn.gov.mm/sites/default/files/inline-images/DSC_0108_0.JPG


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မင်္ဂလာဆီးမီးထွန်းညှိ ပူဇော်ကြသည်။


ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ၊ ဘုရား ကျောင်းကြီးကြပ်ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးသိန်းလွင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားကာ ဘုရားကျောင်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်လင်းပြောကြားသည်။


ယင်းနောက် ဟိန္ဒူရိုးရာဆီမီးအကများဖြင့် ဖျော်ဖြေခြင်း၊ ဟိန္ဒူဓမ္မတေးသီချင်းများဖြင့် ဖျော်ဖြေခြင်းများအပြင် အိန္ဒိယနိုင်ငံမှ နာမည်ကျော်တေးသံရှင်များနှင့် အနုပညာရှင်များကလည်း တေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ၊ ဘုရားကျောင်း ကြီးကြပ်ထိန်း သိမ်းရေးရေးကော်မတီ အဖွဲ့ဝင် ဦးသိန်းလွင်က``အရင်တုန်းက ဒီဘုရား ကျောင်းကိုလာရင် ရေလမ်း၊ ကုန်းလမ်းခရီးတွေကနေ အဆင့်ဆင့်လာရတယ်။ အခုဆိုရင် နေ့ချင်းပေါက် သွားလာလို့ရပြီ။ လျှပ်စစ်မီးလည်းရနေပြီ။ လမ်းတွေလည်း အသစ်ခင်းထားတယ်။ ထမင်းစားဆောင်တွေလည်း အသစ်ဆောက်လုပ်ထားပါတယ်။ ဘုရားဖူးတွေအတွက် အဆင်ပြေသလို ဒေသအတွက်လည်း အများကြီးအထောက် အကူဖြစ်စေပါတယ်´´ ဟုပြောသည်။ 


ဘုရားကျောင်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီနှင့် ဂေါပကအဖွဲ့တို့က ဦးဆောင်ပြီး အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ရန်ကုန် ကျောက်တန်းလမ်း (ပဲလှော်ဖို)မှ ဘုရားကျောင်းအထိ လျှပ်စစ်မီးတိုင်များစိုက်ထူခြင်း၊ မီးကြိုးများသွယ် တန်းခြင်း၊ ထရမ်စဖော်မာ နှစ်လုံးတပ်ဆင်ပြီး ကျေးရွာမီးလင်းရေးနှင့် ဘုရားကျောင်း တော် မီးလင်းရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)