ကျောက်တန်း ၁၀ စက်တင်ဘာ
ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် အဒွတ္တော ကျေးရွာနှင့် ကန်ပြောင် ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူးနှင့် အင်ဂျင်နီယာဝန်ထမ်းများသည် အဒွတ္တောကျေးရွာရှိ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူပြီး ရာသီမရွေးသွားလာနိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရရှိငွေ၏ ၅၀ရာခိုင်နူန်းဖြင့် အရှည် ၃၂၅ ပေ၊ အကျယ် ၈ပေ၊ ဒုထည် ၆လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ကွန်ကရစ်လမ်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးစား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး လအလိုက်ဖြည့်သွင်းရမည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ငွေစာရင်းပုံစံများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ကန်ပြောင်ကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာဧကများမှ ထွက်ရှိသည့် စပါးနှင့် အခြားသောစိုက်ပျိုးသီးနှံများ စျေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ လယ်ယာဧကများစွာကို အကျိုးပြုမည့် အရှည် ၁မိုင် ၂ ဒဿမ ၅ ဖာလုံ၊ အကျယ် ၁၂ပေ၊ ဒုထည် ၉လက်မရှိ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုနှင့် အဆိုပါ လမ်းပေါ်၌ ကွန်ကရစ်တံတား(၁)စင်း၊ Box Culvert တံတား (၁)စင်းတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး ကျေးရွာ တင်ပြချက်များအပေါ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်


