ကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်

နေပြည်တော် ၂၄ မတ်

 

နိုင်ငံတစ်နိုင်ငံ၏ နောင်လာမည့်အနာဂတ်ကို တည်ဆောက်မည့်သူများမှာ ယနေ့ကလေးလူငယ်များ ဖြစ်ကြပါသည်။ ယနေ့ကာလ အရွယ်ရောက်သူလူကြီးများမှာ နိုင်ငံဖွံ့ဖြိုးရေးကို လက်တွေ့အကောင်အထည်ဖော်လျက်ရှိပြီး မျက်မှောက်ကာလ တာဝန်များအပြင် အနာဂတ်နိုင်ငံအတွက်ပါ မြော်တွေးဆောင်ရွက်ကြသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံကိုဒီမိုကရေစီစနစ်ဖော်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်အောင်တည်ဆောက်ရာ၌ အခက်အခဲများစွာ၊ စိန်ခေါ်မှုများစွာရှိနေသည်။

 

 

လက်ရှိတွင် နိုင်ငံနှင့် ပြည်သူအားလုံး၏ အဓိကမျှော်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပြီး အမျိုးသားရင်ကြားစေ့ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်းတစ်ပြိုင်တည်းဖော်ဆောင်ရသည်။ မျက်မှောက်ကာလ အဓိကတာဝန်များမှာ ဖော်ပြပါလုပ်ငန်းစဉ်များဖြစ်ပြီး နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့သော ပြည်တွင်း အခက်အခဲ၊ စိန်ခေါ်မှုများအပြင် ရခိုင်ပြည်နယ်အရေးကဲ့သို့ ပြည်ပဖိအားများကိုလည်း ဖြေရှင်းနေရသည်။ အရပ်သားအစိုးရအနေဖြင့် အဆိုပါတာဝန်များကို နှစ်နှစ်တာကာလအတွင်း အတိုင်းအတာတစ်ခု အထိရောက်အောင် ဆောင်ရွက်နိုင်သည်မှာ ငြင်းမရသည့် အချက်များ ဖြစ်သည်။

 

မျက်မှောက်ကာလ တာဝန်များကို အပြင်းအထန်ဆောင်ရွက်နေစဉ်တွင် အနာဂတ်အရေးကို မြော်တွေး၍ ပြည်သူလူထုအသိအမြင်တိုးပွားရေး၊လူမှုဘဝမြင့်မားတိုးတက်လာရေးတို့အပြင် အနာဂတ်နိုင်ငံတော်အတွက် အဓိကကျသည့် ကလေးသူငယ်များ ဖွံ့ဖြိုးရေး၊ အသိအမြင်ဗဟုသုတတိုးပွားရေး၊ အသိပညာ၊ အတတ်ပညာ ကြွယ်ဝသူများဖြစ်ရေးကိုလည်း ဘက်စုံ ကဏ္ဍစုံ ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိသောအခြေအနေတွင် အနာဂတ်အသီးအပွင့်များဖြစ်သည့်မျက်မှောက်ကာလ အဖူးအငုံသဖွယ် ကလေးသူငယ်များအား နင်းခြေဖျက်ဆီးခံရသည့် အဖြစ်များကို မကြာမကြာ ကြားသိနေရသဖြင့် များစွာစိတ်မကောင်းဖြစ်ရသည်။

 

ကလေးငယ်များ၊ ရင်ခွင်မဲ့စွန့်ပစ်ခံကလေးသူငယ်များအားအဓမ္မစေခိုင်းမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ အဆိုးရွားဆုံးဖြစ်သည့် သက်ငယ်မုဒိမ်းမှုများအထိပင် ကြားသိနေရသည်။ ယင်းအရေးတို့ကို နိုင်ငံတော်ကအလေးထားဆောင်ရွက်ပေးနေပြီး တားဆီးကာကွယ်မှု၊ အသိပညာပေးမှုများ နေရာဒေသအနှံ့တွင် ဖြန့်ကြက်ဆောင်ရွက်ပေးနေသည့်ကြားမှမကြာခဏ ဖြစ်ပေါ်နေသည့် အရေးကြီးအဓိကကျသည့် ပြဿနာ၏ အဖြေကို လက်တွေ့ကျကျ ဆောင်ရွက်ပေးရန်လိုအပ်နေပြီဟု ထင်မြင်ယူဆပါသည်။

 

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား ဖျက်ဆီးခံရခြင်းအကြောင်းအရင်းကို တိတိကျကျ ရှာဖွေဖော်ထုတ်၍ ပြင်းပြင်းထန်ထန်အရေးယူ ကာကွယ်တားဆီးသွားရန် လိုအပ်သည်မှာ အမှန်ဖြစ်သည်။ဖြစ်ပွားရသည့်အဓိကအကြောင်းအရင်းမှာ ဆင်းရဲနွမ်းပါးမှု၊ အသိပညာဗဟုသုတနည်းပါးမှုနှင့် မကောင်းမှုကို တွန်းအားပေးစေနိုင်သော အကြောင်းအရာများဖြစ်ပါသည်။ ထိုအချက်များတွင် နည်းပညာတိုးတက်ထွန်းကားလာခြင်းကြောင့် အလွယ်တကူကြည့်ရှုနိုင်သော လူမှုကွန်ရက်များပေါ်မှမကြည့်ရှုသင့်သည့် အကြောင်းအရာများလည်း ပါဝင်သည်ဟု ဆိုနိုင်သည်။

 

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနည်းပညာ တိုးတက်ထွန်းကားလာခြင်းသည် ကောင်းမွန်သည့်အချက် ဖြစ်သော်လည်း ပြည်သူလူထု၏စာရိတ္တကို ပျက်ပြားစေသည့် အကြောင်းအရာများကိုမူ ပိတ်ပင်တားဆီးနိုင်သည့် နည်းပညာနှင့် လုပ်ဆောင်နိုင်မှုစွမ်းအား မရှိသေးခြင်းသည်ကလေးသူငယ်များ ပျက်စီးစေခြင်း၊ ဖျက်ဆီးခံရခြင်းအကြောင်းတရားများအနက် အဓိကကျသည့်အချက်ဖြစ်သည်ဟု ဆိုချင်ပါသည်။

 

 

သို့ဖြစ်ရာ တိုင်းပြည်၏အနာဂတ်အတွက် အထူးအရေးကြီးသောမျက်မှောက်ကာလ ရင်ခွင်ပိုက်ကလေးမှစ၍ အရွယ်ရောက်သည့် ကလေးသူငယ် လူငယ်လူရွယ်များပါမကျန် စာရိတ္တမပျက်စီးရေး၊ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ဝိုင်းဝန်းကြံဆကာကွယ်တားဆီးနိုင်ကြစေရန် လေးစားစွာဖြင့်အကြံပြုအပ်ပါသည်။ ။

 

ကြေးမုံ