၃၀  နိုဝင်ဘာ

ဖွံ့ဖြိုးမှုနောက်ကျခဲ့သော ရေငန်ငါးမွေးမြူရေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စုစုပေါင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင် ကြပြီး အများစုသည် စိုက်ပျိုးရေးအပေါ် မှီခို အသက်မွေးဝမ်းကျောင်းပြုလျက်ရှိကြသည်။ စိုက်ပျိုးရေးကဏ္ဍသည် ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)၏ ၂၉ ရာခိုင်နှုန်းအထိ သက်ရောက်မှုရှိနေသည်။ တစ်ဖန် ငါးလုပ်ငန်းကဏ္ဍသည် စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံး GDP ၏ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်နေသဖြင့် ငါးလုပ်ငန်း သည်လည်း အရေးကြီးသော ကဏ္ဍတစ်ခုအဖြစ် တည်ရှိ နေပေသည်။

ငါးလုပ်ငန်းကဏ္ဍတွင် ကမ်းနီး/ကမ်းဝေး ငါးဖမ်းလုပ် ငန်း၊ အင်းလုပ်ငန်း၊ ကုန်းတွင်းပိုင်း ဘုံရေချို ငါးဖမ်း လုပ်ငန်း၊ တင်ဒါငါးဖမ်းလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်း၊ ငါး/ပုစွန် ပြုပြင်မွမ်းမံရေးလုပ်ငန်း အစရှိသဖြင့်လုပ်ငန်းခွဲ များရှိပြီး ငါးဖမ်းလုပ်ငန်းပိုင်းတွင် ဖမ်းဆီးထုတ်လုပ်မှုကို တိုးမြှင့်ရန် မဖြစ်နိုင်တော့သဖြင့် မွေးမြူရေးအပိုင်းကို ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

မိမိတို့နိုင်ငံ၏ ရေချိုငါးမွေးမြူရေးလုပ်ငန်းကို ၁၉၅၀ ပြည့်လွန်နှစ်များကပင် စတင်ဆောင်ရွက်လာခဲ့ရာ ဖွံ့ဖြိုးမှု အခြေအနေတစ်ခုတွင် ရောက်ရှိနေပြီး ရေငန်ငါးမွေးမြူရေး အပိုင်းမှာမူ ဖွံ့ဖြိုးမှုနောက်ကျလျက်ပင် ရှိပေသေးသည်။ ၂၈၃၂ ကီလိုမီတာ ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် သင့်တော်သည့် နေရာဒေသများ၌ ရေငန်ငါး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင် ရွက်သွားကြရမည် ဖြစ်ပါသည်။

အမျိုးသားအဆင့် စီမံကိန်း(NADP)

နိုင်ငံတော်အစိုးရသည် ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Sustainable De-velopment Plan-MSDP) ဘက်စုံပူးပေါင်းဆောင်ရွက်မှု မူဘောင်အဖြစ် ထုတ်ပြန်ခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာန အနေ ဖြင့် ၂၀၂၀ မတ်လတွင် အမျိုးသားအဆင့် ငါးမွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (National Aquacul-ture Development Plan-NADP)ကို MSDP နှင့် ကိုက်ညီမှု ရှိစေရန် ရေးဆွဲဖော်ထုတ်နိုင်ခဲ့ပြီး စတင် အကောင်အထည် ဖော်၍ ဆောင်ရွက်လျက်ရှိသည်။

MSDP အပေါ် ငါးမွေးမြူရေးကဏ္ဍ၏ အကျိုးပြုမှုများ အနေဖြင့် (က)အားလုံးပါဝင် ဆောင်ရွက်မှုဖြင့် ဖွံ့ဖြိုး တိုးတက်စေခြင်း၊ (ခ)ပို့ကုန်များကြောင့် ဝင်ငွေတိုးတက်စေခြင်း၊ (ဂ)အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ (ဃ)စားနပ်ရိက္ခာနှင့် အာဟာရ ဖူလုံပြည့်ဝစေခြင်း၊ (င)သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးခြင်းတို့အတွက် အထောက်အကူပြုမည်ဖြစ်သည်။

ဤဆောင်းပါးတွင် ရေငန်ငါးမွေးမြူရေး ရေရှည်တည်တံ့၍ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးသည် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင် အခြေအနေနှင့် အပြန်အလှန် ဆက်စပ်ပတ်သက်မှုကို အလေးထား တင်ပြသွားမည်ဖြစ်သည်။

ဖွံ့ဖြိုးရန် အလားအလာ များစွာရှိနေ

မိမိတို့နိုင်ငံတွင် ရေငန်ငါးမွေးမြူရေး လုပ်ငန်းသည် ပတ်ဝန်းကျင်နိုင်ငံများကဲ့သို့ ပြောပလောက်အောင်များ ပြားခြင်း မရှိသေးသော်လည်း ၎င်းနိုင်ငံများ၏ ရေငန်ငါး မွေးမြူရေးနှင့် ပတ်သက်သော ကြုံတွေ့ခဲ့ဖူးသည့် အားနည်းချက်များကို သင်ခန်းစာယူပြီး ဖွံ့ဖြိုးရန် အလားအလာ များစွာရှိနေသည့် မိမိတို့နိုင်ငံ၏ ရေငန်ငါးမွေးမြူရေး ချဲ့ထွင်မှုအပိုင်း၌ ကောင်းမွန်စွာ စီမံဆောင်ရွက် သွားနိုင်ရေးအတွက် ရည်ရွယ်တင်ပြခြင်း ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်ကာလများက အရှေ့တောင် အာရှရှိ အိမ်နီးချင်းနိုင်ငံအချို့၌ ဒီရေတောများစွာ ခုတ်ထွင် ရှင်းလင်း၍ ပုစွန်မွေးကန်များတူးဖော်ပြီး ဓာတုဆေးဝါး များကို အလွန်အကျွံသုံးစွဲ၍ မွေးမြူထုတ်လုပ်ခဲ့ရာ ရေတို ကာလအတွင်းသာ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီးနောက်ပိုင်းတွင် စွန့်ထုတ်အညစ်အကြေးများ၊ ဓာတုဓာတ်ကြွင်း များကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ခြင်း၊ အကျိုး ဆက်အနေဖြင့် ပုစွန်ရောဂါများ ကျရောက်မှုကြောင့် လုပ်ငန်းများ ကြီးမားစွာထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ခဲ့သည်။ ထို့ကြောင့် မွေးမြူထုတ်လုပ်သူများသည် ကြီးထွားနှုန်း ကောင်းမွန်ပြီး ရောဂါဘယကင်းသည့် ပုစွန်မွေးမြူ ထုတ်လုပ်မှုလုပ်ငန်းမှ အကျိုးအမြတ်များရရှိရန် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် နည်းလမ်းများကို လိုက်နာဆောင်ရွက်လာကြသည်။ မွေးမြူရေးကန်မှ စွန့် ထုတ်ရေများကို ပတ်ဝန်းကျင်သို့ တိုက်ရိုက်စွန့်ထုတ်ခြင်း အစား၊ စနစ်တကျသန့်စင်ပြီးမှ ထုတ်လွှတ်ခြင်း သို့မဟုတ် စွန့်ထုတ်ရေများကို ပြန်လည်သန့်စင်၍ မွေးမြူကန်များ၌ ပြန်လည်အသုံးပြုခြင်း(Closed-recirculating Shrimp Farming System)ကို အသုံးပြု လုပ်ကိုင်လာကြသည်။

ရေငန်ငါးမွေးမြူရေးစနစ်များ

ရေငန်ငါးမွေးမြူရေး ကဏ္ဍတွင် မြေပြင်အခြေစိုက် မွေးမြူရေး(Land-based aquaculture)နှင့် ရေပြင် အခြေစိုက် မွေးမြူရေး(Sea-based aquaculture) ဟူ၍ အကြမ်းအားဖြင့် နှစ်ပိုင်းခွဲခြားထားပြီး တစ်ဖန် ဂေဟစနစ်နှင့် နှီးနွှယ်သော မွေးမြူရေးပုံစံနှစ်မျိုးဖြစ်သည့် အစာကျွေးရန်မလိုသည့် မွေးမြူရေး(Autotrophic type) နှင့် အစာကျွေးရန်လိုသည့် မွေးမြူရေး(Heterotrophic type) ဟူ၍လည်း ခွဲခြားသည်။ ပင်လယ်ရေမှော်(Seaweed)၊ ခရု၊ ကမာ၊ ဘဲဝမ်း၊ ခုံးကဲ့သို့ အခွံမာအကောင် (Shell Fish) များသည် သီးခြားအစာကျွေးရန် မလိုအပ်ဘဲ ရေထုထဲရှိ နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ အော်ဂဲနစ်အစိတ်အပိုင်းများကို ရယူသုံးစွဲ၍ ရှင်သန်ပွားများ ကြီးထွားကြသည်။ ငါး၊ ပုစွန်၊ ကဏန်းစသည့် မွေးမြူရေးတွင်မူ သင့်တော်သည့် အစာ ကျွေးရန် လိုအပ်သည်။

အစာကျွေးရန်မလိုသည့် မွေးမြူရေးလုပ်ငန်းတွင် မွေးမြူထားသည့် သတ္တဝါများ၏ ဇီဝကမ္မဖြစ်စဉ်အရသာ ညစ်ညမ်းမှု အနည်းငယ်ဖြစ်ပေါ်စေပြီး ပင်လယ်ရေမှော် စိုက်ပျိုးမွေးမြူရေးတွင်မူ ပတ်ဝန်းကျင်ရေထုမှ ကာဗွန်၊ နိုက်ထရိုဂျင်၊ ဖော့စဖရပ်တို့ကို စုပ်ယူ၍ အစာချက်လုပ် ပွားများခြင်းဖြင့် ကာဗွန်ပျောက်ငါးလုပ်ငန်း(Carbon-sink fishery)ဟုပင် သတ်မှတ်ထားကြသည်။ ယနေ့ ကမ္ဘာကြီးတွင် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုများခြင်း၊ သစ်တောပြုန်းတီးခြင်းတို့ကြောင့် လေထုထဲ၌ ကာဗွန်ဒိုင်အောက်ဆိုဒ်များ မြင့်မားနေပြီး ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်နေလျက်ရှိသည်။

အပင်များသည် အင်အော်ဂဲနစ်ကာဗွန်ကိုအသုံးပြု၍ အလင်းဖြင့်အစာချက်ခြင်း (Photosysthesis) ဖြစ်စဉ်ဖြင့် အောက်စီဂျင် ပြန်လည်ထုတ်ပေးကြသည်။ ကမ္ဘာမြေ/ရေမျက်နှာပြင် ဧရိယာအားလုံးအနက် ၇၁ ရာခိုင်နှုန်းသော ဧရိယာဖြစ်သည့် စတုရန်းကီလိုမီတာ ၃၆၁ သန်းသည် ပင်လယ်သမုဒ္ဒရာ ဖုံးလွှမ်းလျက်ရှိပြီး ၎င်းရေပြင်ထုရှိ ရေပေါက်ပင်ငယ်(Algae)များ ဧရိယာ ၁ စတုရန်းကီလို မီတာသည် တစ်နှစ်လျှင် အင်အော်ဂဲနစ်ကာဗွန်မှ အော်ဂဲ နစ် ကာဗွန် ၃၇၅ တန် ထုတ်လုပ်ပေးကြောင်း ပညာရှင် များက တွက်ချက်ထားကြသည်။ ထို့ကြောင့် ကာဗွန် လည်ပတ်မှု ဖြစ်စဉ်တွင် ရေပေါက်ပင်ငယ် (Algae)များ သည် များစွာ အရေးပါလှပေသည်။ အကျိုးဆက်အားဖြင့် လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ဖြစ်စဉ်ကို ထိန်းသိမ်းပေးခြင်းဖြင့် ကမ္ဘာကြီး ပူနွေးလာမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းညှိပေးနိုင်မည်ဖြစ်သည်။

ရေသတ္တဝါ မွေးမြူရေးလုပ်ငန်းများတွင် ညစ်ညမ်းမှု ဖြစ်စေခြင်း၏ ၈၅ ရာခိုင်နှုန်းသည် မွေးမြူထားသည့် လုပ်ငန်းကြောင့်ပင်ဖြစ်ပြီး ကျန်သည့် ၁၅ ရာခိုင်နှုန်းသည် ပြင်ပပတ်ဝန်းကျင် ပယောဂကြောင့် ဖြစ်ပေါ်ရလေ့ ရှိသည်။ မွေးမြူရေးလုပ်ငန်းကြောင့် ညစ်ညမ်းမှုတွင် အညစ်အကြေးများစွန့်ထုတ်ခြင်း (Excretion/Secretion)နှင့် ကျွေးမွေးသည့်အစာ အကြွင်းအကျန်(Feed residue) တို့ကြောင့် အဓိကဖြစ်ပြီး ပြင်ပပတ်ဝန်းကျင် ပယောဂ အနေဖြင့် လူနေမြို့ကြီးများ၊ စက်ရုံများမှ စွန့်ပစ်သည့် အညစ်အကြေးများ၊ အခြားအကြောင်းရပ်များ ပါဝင်သည်။

ရေထုညစ်ညမ်းခြင်း၏ဆိုးကျိုး

မွေးမြူရေးဧရိယာတစ်ခုတွင် စွန့်ထုတ်အညစ်အကြေးများနှင့် အစာအကြွင်းအကျန်များ စုပုံများပြားလာခြင်း ကြောင့် ရေထုအတွင်းပျော်ဝင်ခြင်း၊ အော်ဂဲနစ်၊ အင်အော်ဂဲနစ် ဝတ္ထုငယ်များအဖြစ် ဖွဲ့စည်းခြင်းတို့မှ နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်တို့ကဲ့သို့ ဩဇာဓာတ် များပြားလာခြင်းသည် ပတ်ဝန်းကျင်ရေထု၏ ရူပဓာတု ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခြင်းဖြင့် Eutrophication အခြေအနေ ဖြစ်ပေါ်နိုင်ပြီး ပင်လယ်ပြင်၌ အဆိပ်အတောက် ဖြစ်စေသည့် ဒီရေနီ(Red Tide)အထိ ဖြစ်ပေါ်သွားနိုင်ပေသည်။

၎င်းအပြင် ပဋိဇီဝဆေးဝါးများ၊ ဓာတုပိုးသတ်ဆေးဝါးများ၏ အကြွင်းအကျန်များသည် ပတ်ဝန်းကျင်ရေထု၏ ဂေဟစနစ် ဟန်ချက်ညီမှုကို ဆိုးကျိုးသက်ရောက်စေ သည်။ ရေသတ္တဝါ မွေးမြူရေးလုပ်ငန်း တိုးတက်ဖွံ့ဖြိုး အောင် ဆောင်ရွက်သည်ဆိုရာတွင် ပရမ်းပတာနှင့် အလွန်အကျွံ အတိုင်းအဆမဲ့ လုပ်ကိုင်သွားမည်ဆိုပါက သဘာဝပတ်ဝန်းကျင်ရေပြင်၏ ဂေဟစနစ်အရ ပြန်လည်သန့်စင်နိုင်စွမ်းကို ထိခိုက်မည်ဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်မည်မဟုတ်ဘဲ အနှေးနှင့်အမြန် ပြဿနာအခက်အခဲများကို ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ဟန်ချက်ညီစေရန်ပြင်ပမှ မျိုးစိတ်အသစ်များကို မွေးမြူရာတွင်ဒေသ၏ ပတ်ဝန်းကျင်အခြေအနေနှင့် သဟဇာတ ဖြစ်/မဖြစ်၊ ဒေသမျိုးစိတ်များကို သတ်ဖြတ်စားသောက်တတ်ခြင်း ရှိ/မရှိ၊ ယှဉ်ပြိုင်စားသောက်တတ်ခြင်းရှိ/မရှိ၊ မျိုးရောယှက်မှု အခြေအနေ ရှိ/မရှိ ဘက်စုံ ထည့်သွင်းစဉ်းစားပြီးမှသာ မွေးမြူသင့်ပြီး မွေးမြူပါကလည်း သဘာဝရေပြင်သို့ လွတ်ထွက်မှုမရှိရန် အထူးဂရုပြုသင့်ပါသည်။

ရေငန်ငါးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွေးမြူရေးဧရိယာတစ်ခု၏ သဘာဝပတ်ဝန်းကျင် ဂေဟ စနစ်ကို မထိခိုက်စေဘဲ လက်ခံနိုင်သည့် အတိုင်းအတာ (Environmental capacity for aquaculture) အတွင်း သာ ဆောင်ရွက်သင့်သည်။ ထို့ကြောင့် မွေးမြူရေးဧရိယာ ကြီးများ၊ ဇုန်များ သတ်မှတ်မည်ဆိုပါက အများဆုံး မွေးမြူ ဆောင်ရွက်သင့်သည့်ပမာဏ၊ စီးပွားရေး၊ လူနေမှုနှင့် ဂေဟ စနစ်ဆိုင်ရာ အကျိုးသက်ရောက်မှုများ၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာမည့် စွန့်ပစ်အညစ်အကြေး၊ အစာအကြွင်းအကျန် ပမာဏ၊ ပတ်ဝန်းကျင် ရေပြင်၊ ဂေဟစနစ်မှ ပြန်လည်တုံ့ပြန်နိုင်မည့် အခြေအနေတို့ကို ကြိုတင်ထည့်သွင်းစဉ်းစားထားသင့်သည်။

ရေငန်ငါးမွေးမြူရေးလုပ်ငန်း ရေရှည်တည်တံ့၍ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်သင့် သည်များကို လက်လှမ်းမီသမျှ တင်ပြရလျှင်-

- ငါးမွေးမြူရေးနှင့်ပတ်သက်သည့် ကောင်းမွန်သော စည်းမျဉ်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊

- မတူကွဲပြားကြသော နေရာဒေသများ၌ သိပ္ပံနည်းကျပြီး အချက်အလက်ခိုင်မာစွာ ဆန်းစစ်ထားသည့် ရေငန်ငါး မွေးမြူရေးဇုန်များ သတ်မှတ်ခြင်း၊

- ငါးရောဂါပျံ့နှံ့မှု အခြေအနေနှင့် သဘာဝဘေး အန္တရာယ် များ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အရေးပေါ် သတိ ပေးစနစ်များ ဖော်ဆောင်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ နည်းပညာဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးနိုင်ခြင်း၊

- ရူပ၊ ဓာတုဆိုင်ရာ ကောင်းမွန်ထိရောက်သော နည်းစနစ် များ အသုံးပြုခြင်း၊ (ဥပမာ- ကန်ရေ လဲလှယ်ခြင်း၊ လေ ပေးစနစ်၊ ရေသန့်စနစ်များ)

- ဇီဝဆိုင်ရာနည်းစနစ်များအသုံးပြုခြင်း၊ (ဥပမာ- အကျိုး ပြု ဘက်တီးရီးယားများ၊ ပင်လယ်ရေမှော်စိုက်ပျိုးခြင်း)

- ရောနှောမွေးမြူခြင်း၊ (ဥပမာ- ခုံးကောင်နှင့် ရေမှော်၊ ပုစွန်နှင့် ရေမှော်၊ ငါးနှင့် ရေမှော်)

- ကာဗွန်ထုတ်လွှတ်မှုလျော့ပါးပြီး Eutrophication ဖြစ်စဉ်ကို ကာကွယ်နိုင်သည့် ပင်လယ်ရေမှော်၊ အခွံမာ သတ္တဝါများ မွေးမြူခြင်း၊

- မွေးမြူရေးကိုအခြေခံသည့် ငါးဖမ်းလုပ်ငန်း(Culture-based capture)၊ ငါး၊ ပုစွန်၊ ကဏန်း မျိုးစိုက်ထည့်ခြင်း၊

- ငါးနေငါးထိုင်အတု (Artificial fish reef) များ ဆောင် ရွက်ခြင်း၊ ငါးနေငါးထိုင်အတုများ ဆောင်ရွက်ခြင်းဖြင့် ရေနေသယံဇာတ တိုးပွားစေခြင်း၊ အလွန်အကျွံ ငါးဖမ်း ဆီးမှုကို တားဆီးနိုင်ခြင်း၊ ဂေဟစနစ်နှင့်အညီ အပျော် တမ်း ငါးဖမ်းလုပ်ငန်းများ ဖွံ့ဖြိုးလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

အမေရိကန်နိုင်ငံ၊ တရုတ်၊ ဂျပန်နိုင်ငံကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်တွင် Artificial reef များကို ဆောင်ရွက်ထားကြပြီးဖြစ်သည်။ ဂျပန်နိုင်ငံ တွင် Artificial fish reef အရေအတွက် ၅၀၀၀ ကျော် ရှိပြီး ကမ်းဝေးငါးဖမ်းကွက် ဧရိယာ၏ ၁၂ ရာခိုင်နှုန်းကို လွှမ်းခြုံလျက်ရှိသည်။ အမေရိကန်နိုင်ငံတွင် နှစ်စဉ် လူဦး ရေ သန်း ၅၀ ခန့်သည် Artificial fish reef များသို့ အပျော်တမ်းငါးဖမ်းရန် လာရောက်ခြင်းကြောင့် ဒေသခံ များရရှိသည့် ဝင်ငွေသည် မိရိုးဖလာငါးဖမ်းလုပ်ငန်းမှ ရရှိသည့် ဝင်ငွေ၏ သုံးဆခန့်ရှိကြောင်း လေ့လာသိရှိရ သည်။

အရှိန်အဟုန်နှင့် ဖွံ့ဖြိုးလာနိုင်မည်

အလျဉ်းသင့်၍ တင်ပြရလျှင် ငါးမွေးမြူရေး ရေရှည် တည်တံ့၍ သဘာဝပတ်ဝန်းကျင်နှင့် ဟန်ချက်ညီစွာ ဖွံ့ဖြိုး တိုးတက်ရန်အတွက် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူ ရေးကျင့်စဉ်(Good Aquaculture Pracitice-GAqP)ကို လိုက်နာဆောင်ရွက် မွေးမြူထုတ်လုပ်သွားမည်ဆိုပါက များစွာ အကျိုးကျေးဇူးပြုမည်ဖြစ်ပြီး အစားအစာ ဘေး အန္တရာယ်ကင်း၍ အရည်အသွေးပြည့်ဝသည့် မွေးမြူရေး ရေထွက်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေသော နှစ်ဦးနှစ်ဘက် အပြန်အလှန်အကျိုးကျေးဇူးပြုသည့် အခြေအနေ (Win-win situation)ကို ရရှိနိုင်မည်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြရလျှင် မိမိတို့နိုင်ငံအနေဖြင့် ရေငန်ငါးမွေးမြူရေး ကဏ္ဍတွင် ကကတစ်ငါး မွေးမြူရေး၊ ရေငန်ပုစွန် မွေးမြူရေး၊ ကဏန်းပျော့ မွေးမြူရေး၊ ဂျင်းခရု (Blood cockle) မွေးမြူရေး၊ ကျောက်ငါး မွေးမြူရေးနှင့် ပင်လယ်ရေမှော် စိုက်ပျိုးမွေးမြူခြင်းတို့အပြင် စီးပွားဖြစ် မွေးမြူနိုင်သည့် အခြားမျိုးစိတ်များကို တိုးချဲ့မွေးမြူရန် များစွာ ရှိနေသည်။ နိုင်ငံ၏ ကမ်းရိုးတန်းဒေသတစ်လျှောက် နှင့် ရေချိုရေငန်စပ်ဒေသများ၌ မွေးမြူလုပ်ကိုင်နိုင်သည့် နေရာများစွာ ရှိနေခြင်းကြောင့် အဆိုပါဒေသများ၏ အခြေခံ အဆောက်အအုံများ တိုးတက်ကောင်းမွန်လာပြီး နိုင်ငံ တကာမှ မွေးမြူရေးဆိုင်ရာ ခေတ်မီနည်းစနစ်များနှင့် လက်လှမ်းမီသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာပါက ရေငန်ငါးမွေးမြူရေးကဏ္ဍသည် အရှိန်အဟုန်နှင့် ဖွံဖြိုးလာနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ မိမိတို့နိုင်ငံ၏ ရေငန်ငါးမွေးမြူရေးလုပ်ငန်းများ အရှိန်မြှင့် ဖော်ဆောင်လာပါက သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ရည်သန်၍ စာရေးသူ လက်လှမ်းမီ၊ ဉာဏ်မီသမျှ ရေးသားတင်ပြလိုက်ရပေသည်။ ။

ကျော်စိုးထွန်း(ငါးဦးစီး)