နေပြည်တော် အောက်တိုဘာ ၁၃

 

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားပြီးဆုများပေးအပ်ချီးမြှင့်သည်။

 

အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ် ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူ ပြုအဖွဲ့များ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှု အကအဖွဲ့များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ကျောက်မျက်စီခြယ် နဝရတ် ကိုးသွယ်” ယိမ်းအကဖြင့် ကပြ ဖျော်ဖြေတင်ဆက်သည်။

 

ထို့နောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်း မြှင့်တင်ရင်း နိုင်ငံတကာအလယ်တွင် မိမိနိုင်ငံ မိမိလူမျိုး၏ အမျိုးသားရေးဂုဏ်သိက္ခာ မြင့်မားထည်ဝါအောင် ကြိုးပမ်း စွမ်းဆောင်ပေးနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း။

 

mdn

 

မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများ ကို အစဉ်အလာမပျက် ကျင်းပလာ ခဲ့သည်မှာ ယခုအခါ (၂၆) ကြိမ်မြောက် ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျင်းပနိုင်ခဲ့ခြင်းများကြောင့်လည်း အမျိုးသားယဉ်ကျေးမှု အမွေအနှစ် အနုပညာရပ်များ ထိန်းသိမ်း မြှင့်တင်မှု တိုးတက်မြင့်မားလာပြီး အမျိုးသားရေး စရိုက်လက္ခဏာများ ထင်ရှား ခိုင်မာလာမှုတို့နှင့် အတူ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ် နိုးကြားထက်သန်မှု အကျိုးရလဒ် ကောင်းများကို ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ပေးနိုင်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

 

ဂုဏ်ပြုပြောကြား

ယခုကဲ့သို့ အမျိုးသားရေး အနှစ်သာရနှင့်ပြည့်ဝသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပြည်သူများ၏ အားပေးချီးမြှောက်မှုများ ကြောင့်လည်း အဓိပ္ပာယ်ပြည့်ပြည့် ဝဝဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်ကြီးများနှင့် ပြိုင်ပွဲဝင် အနုပညာရှင်များအားလုံး၏ ရိုးရာယဉ်ကျေးမှု အနုပညာရပ်များကို လေးစားမြတ်နိုးစွာ လေ့လာလိုက်စား ထိန်းသိမ်းမြှင့်တင်လိုသည့် စိတ်ကောင်း၊ စေတနာ၊ ပင်ကိုအရည်အသွေး ကောင်းများနှင့်အတူ အားပေးကြသည့် မိဘဆွေမျိုးများနှင့် အနုပညာမြတ်နိုးသူ ဝါသနာရှင် အားလုံးတို့၏ ပူးပေါင်းပါဝင်မှု အကျိုးကျေးဇူးကြောင့် ဖြစ်သည်ကိုလည်း ဂုဏ်ပြု ပြောကြားလိုကြောင်း။

 

အမျိုးသား ယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတို့၏  အသက်တမျှ အရေးကြီးထိန်းသိမ်းကြရမည့် အမွေအနှစ်များပင်ဖြစ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှု မြင့်မား လေလေ နိုင်ငံနှင့်လူမျိုး၏ အဆင့်အတန်းသည်လည်း မြင့်မားလေလေဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါရပ်တည် နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ကိုယ်ပိုင်အမျိုးသားရေး ဝိသေသလက္ခဏာ၊ ပင်ကိုတန်ဖိုးနှင့် အဆင့်အတန်းတို့ကို အမျိုးသားယဉ်ကျေးမှုက တစ်ဆင့်သာ ဖော်ညွှန်း ပြဆိုကြရခြင်းဖြစ်ကြောင်း။

 

ထို့ကြောင့် မိမိနိုင်ငံမိမိလူမျိုး၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ပြောဆို နေထိုင်ကျင့်ကြံမှု၊ တွေးခေါ်မြော်မြင် မှုနှင့် စိတ်နေစိတ်ထားတို့ ယဉ်ကျေး သိမ်မွေ့စေရအောင်၊ အဆင့်အတန်းမြင့်မားစေရအောင် နိုင်ငံ တိုင်းသည် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းစောင့် ရှောက်မြှင့်တင်ပေးခြင်းအားဖြင့် ပုံဖော် ပျိုးထောင်ပေးကြရမည် ဖြစ်ကြောင်း။

 

မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး စသည့် ဂီတ၊ သဘင် နယ်ပယ် ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ကပြသီဆိုတီးမှုတ်မှုနှင့် အသုံးပြုသည့် တူရိယာပစ္စည်းများသည်လည်း ထူးခြားသည့် မြန်မာ့မူ မြန်မာ့အသွင်စစ်စစ်ဖြင့် နိုင်ငံတကာတွင် ဂုဏ်ယူဝင့်ကြွားနိုင်သည့် ကိုယ်ပိုင်ယဉ်ကျေးမှု အမွေ အနှစ်များဖြစ်သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း။

 

ယခုကဲ့သို့ ဂုဏ်ယူဝင့်ကြွားဖွယ် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီးများတွင် တင်ဆက်ပြသနိုင် ခြင်းအားဖြင့် တွေ့မြင်ရသည့် မျိုးဆက်သစ် လူငယ်များအဖို့ မြန်မာ့ယဉ်ကျေးမှု၏ ကြီးကျယ်ခမ်းနားထည်ဝါမှု၊ နက်နဲသိမ်မွေ့သည့် မြန်မာ့ အနုပညာရပ်များ၏ ပြည့်စုံကြွယ်ဝမှုကို သိရှိနားလည်နိုင်ပြီး လေးစားဂုဏ်ယူခြင်းနှင့်အတူ အလေးထားမြတ်နိုး တန်ဖိုးထားစိတ်များ ပေါ်ပေါက်လာစေမည်မှာ မလွဲဘူးဟုမှာကြား လိုကြောင်း၊ အမျိုးသားယဉ်ကျေးမှု ကို ချစ်ခင်မြတ်နိုးပြီး လေ့လာကြိုးပမ်း ပြိုင်ပွဲဝင်ခဲ့ကြသည့် မျိုးဆက်သစ် လူငယ်များနှင့် ဆုရရှိကြသူအားလုံးကိုလည်း လေးစားဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း။

 

မိမိတို့ မြန်မာလူမျိုးများသည် ကိုယ်ပိုင်အမျိုးသားရေး စရိုက်လက္ခဏာများ၊ အဆင့်အတန်း မြင့်မားသည့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ၊ နက်ရှိုင်းသိမ်မွေ့သည့် ယဉ်ကျေးမှုဓလေ့စရိုက်နှင့် အတွေးအခေါ် အယူအဆများ၊ လူမှုကျင့်ဝတ်စည်းကမ်းများ၏ ဂုဏ်ကျေးဇူးများကြောင့် သမိုင်း အစဉ်အဆက်တွင် ကျက်သရေရှိရှိ ရပ်တည်ထွန်းပြောင်နိုင်ခဲ့သည့် အစဉ်အလာကောင်းများရှိထားပြီး ဖြစ်ကြောင်း။

 

မိမိတို့အနေဖြင့် ဒီကောင်းမြတ်သည့် အတိတ်အစဉ်အလာများ၊ ကောင်းမွေများကို တည်တံ့ တိုးပွားအောင် ထိန်းသိမ်းမြှင့်တင်ရင်း ပစ္စုပ္ပန်ကာလ၏ အခွင့်အလမ်းကောင်းများနှင့် ပေါင်းစပ်ပြီး အနာဂတ် မျိုးဆက်သစ်လူငယ် များအတွက် အခြေခံကောင်း အမွေခံကောင်းများ ထားရစ်ခဲ့နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ အမျိုးသားရေးတာဝန်ဖြစ်ပြီး မျက်မှောက်ခေတ် နိုင်ငံသူ နိုင်ငံသားများဖြစ်သည့် မိမိတို့အားလုံး၏ ပခုံးပေါ်ကိုရောက်ရှိနေပြီဖြစ်ကြောင်း။

 

ထို့ကြောင့် အတိတ်ကာလက ဘိုးဘွားအမွေအနှစ်ဖြစ်သည့် မြန်မာ့အနုသုခုမပညာရပ်များ နှင့်တကွ အမျိုးသားယဉ်ကျေးမှု အဆောက်အအုံကြီး၏ ကောင်းမွေများကို ပစ္စုပ္ပန်ကာလတွင် ကောင်းမြတ်သည့် ကြိုးပမ်းအားထုတ်မှုများဖြင့် ထိန်းသိမ်းမြှင့်တင်သွားကြရမည်ဖြစ်ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများက ပေါက်ဖွား လာသည့် အကျိုးရလဒ်ကောင်းများနှင့် ပေါင်းစပ်ပြီး အနာဂတ် အတွက် အနုပညာအမွေအနှစ် စစ်စစ်များ ပွားများကျန်ရှိရအောင် ဆက်လက်လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု ဆန္ဒပြု တိုက်တွန်းလိုကြောင်း။

 

ပြောကြား

သမိုင်းအစဉ် အဆက်ဆက် ထိန်းသိမ်းအမွေဆက်ခံလာခဲ့သည့် အမျိုးသားယဉ်ကျေးမှု အရင်းအမြစ်များကို ပိုမိုအခြေခိုင်ခံ့ အစွမ်းထက်စေရအောင် ရိုးရာအစဉ်အလာ ထိန်းသိမ်းမှုနှင့် တီထွင်ဆန်းသစ်မှုများ ပေါင်းစပ်မြှင့်တင် ဆောင်ရွက်ပေးကြရန်၊ တိုင်းရင်းသားပြည်သူများ ဇာတိသွေး၊ ဇာတိမာန် မြင့်မားရေးနှင့် မြန်မာ့ရိုးရာ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ပြီး တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက် လွှမ်းမိုးမှုကို ကာကွယ်တားဆီးပေးကြရန်၊ အမျိုးသားရေး စိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကား ပြန့်ပွားရေးစသည့် စိတ်ဓာတ်ရေးရာ အခြေခံများ တိုးတက်ရင့်သန် ခိုင်မာမြင့်မားစေရအောင် ယဉ်ကျေးမှု အနုပညာစွမ်းအား တို့ဖြင့် မြှင့်တင်ပေးကြရန် ဆန္ဒပြုတိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌက ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ တိုင်းရင်းသား ရိုးရာ/ကျေးလက်ရိုးရာ ယဉ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ရိုးရာ “ယန်း အက”ဖြင့် ထားဝယ်တိုင်းရင်းသား ရိုးရာတေးဂီတအဖွဲ့က ဖျော်ဖြေ ကပြ တင်ဆက်ကြသည်။

 

ထို့နောက် ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တိုင်းရင်းသားရိုးရာ “ယန်းအက”ပြိုင်ပွဲနှင့် ကဗျာလွတ် ပြိုင်ပွဲတို့တွင် အထူးဆု၊ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အဖွဲ့များအား ဆုများပေးအပ် ချီးမြှင့်သည်။

 

ပေးအပ်ချီးမြှင့်

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အဆို၊ မဟာဂီတပြိုင်ပွဲ အဆင့်မြင့် ပညာအဆင့်(အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအားလည်း ကောင်း၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အဆို၊ မဟာဂီတ ပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အဆို၊ မဟာဂီတပြိုင်ပွဲ အခြေခံ ပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအားလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဆို၊ ခေတ်ဟောင်း/ ကာလပေါ် ပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် (အမျိုးသား)(အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဆို၊ ခေတ်ဟောင်း/ကာလပေါ်ပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) (အမျိုးသား) (အမျိုးသမီး)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက အဆို၊ ခေတ်ဟောင်း/ ကာလပေါ် ပြိုင်ပွဲအခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) (အမျိုးသား)(အမျိုးသမီး) ပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိ သူများအား လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ အဆို ခေတ်ဟောင်း/ကာလပေါ် အခြေခံ ပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)ပြိုင်ပွဲ၌ ပထမဆု ရရှိသူ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု မမိုးမြင့်စံက “အနန္တ ငါးဖြာ”သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

 

ထို့နောက် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူးတို့က အက၊ အရေးနှင့် အတီးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆု တံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်ကြသည်။

 

mdn

 

ဆုချီးမြှင့်ပွဲတွင် အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲနှင့် အတီးပြိုင်ပွဲ တို့တွင် ပထမဆုရရှိခဲ့ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ကိုယ်စားပြု ပြိုင်ပွဲဝင်များ က ကပြသီဆို ဖျော်ဖြေတင်ဆက်ကြသည်။

 

ရင်းရင်းနှီးနှီး နှုတ်ဆက်

ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနားတက်ရောက်လာ ကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် ၁၆၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်ရရှိမှုများ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ၅၉ ဆု၊ မန္တလေးတိုင်းဒေသကြီးမှ ၄၇ ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ ၃၇ ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၃ ဆု၊ ပဲခူးတိုင်းဒေသကြီးမှ ၂၂ ဆု၊ မွန်ပြည်နယ်မှ ၂၁ ဆု၊ မကွေး တိုင်းဒေသကြီးမှ ၁၄ ဆု၊ ကယား ပြည်နယ်မှ ၁၇ ဆု၊ ရှမ်းပြည်နယ်မှ ၁၃ ဆု၊ ရခိုင်ပြည်နယ်မှ ၁၀ ဆု၊ ကရင်ပြည်နယ်မှ ၁၂ ဆု၊ တနင်္သာရီ တိုင်းဒေသကြီးမှ ၁၃ ဆု၊ ချင်း ပြည်နယ်မှ ၁၀ ဆုနှင့် ကချင် ပြည်နယ်မှ ငါးဆု ရရှိခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

mdn