ရန်ကုန် ၁ ဧပြီ
မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာန( MLRC )မှ ၂၀၁၈-၂၀၁၉ ပညာသင် နှစ်ကျောင်းပြင်ပမူလတန်းနှင့် အလယ်တန်းပညာရေး အစီအစဉ် ဂုဏ်ပြုပွဲနှင့် ပညာရေး သံတမန်ဂုဏ်ပြုခန့် အပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက် အကူပြု ပင်မဌာန ဥက္ကဌဒေါက်တာဦးသန်းဦးက ဂုဏ်ပြုစကားပြောကြားကာ ဒုတိယဥက္ကဌ ဒေါက်တာ ဦးတင်ညိုက ဂုဏ်ပြုပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ ကုလသမဂ္ဂကလေးများရန်ပုံငွေ ဌာနကိုယ်စားလှယ်ရုံး Chief Education Section မှ Ms.Mitsue Uemura က အမှာစကားပြောကြားသည်။
ထို့နောက်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးတင်မောင်ထွန်းက မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန(MLRC) ပညာရေးသံတမန်အဖြစ် ဒေါက်တာချစ်သုဝေအား ဂုဏ်ပြုခန့်အပ်လွှာပေးအပ်ရာ ဒေါက်တာချစ်သုဝေက မုဒိတာ စကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ မြန်မာနိုင်ငံအမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင် ဦးစောအောင် ၊ အမျိုးသား သင်ရိုး ညွှန်းတမ်း ကော်မတီအဖွဲ့ဝင် ဦးတင်လှိုင်၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးတင်ဌေးတို့က ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ် အလှူရှင်ကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှငျ့ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ကြသောကျောင်းပြင်ပမူလတန်း ပညာရေးမျိုးဆက် ကလေးများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကလေးများကိုယ်စား ဘိုကလေး ပညာရေး ကောလိပ် ပထမနှစ်ကျောင်းသားမောင်ရဲကျော်ခန့်က ကျေးဇူးတင် စကား ပြောကြားကာ ကျောင်းပြင်ပမူလတန်း ဆရာမများက “ကလေးများအတွက် ဒီနေ့” တေးသီချင်းဖြင့် အခန်းအနားကို ရုပ်သိမ်းသည်။
ကျောင်းပြင်ပရောက်ကလေးများ ပညာသင်ယူခွင့် ကင်းမဲ့ခဲ့ရာမှ ကျောင်းပြင်ပ မူလတန်းပညာရေးအစီ အစဉ်ဖြင့် ပညာသင်ယူခွင့်ရရှိခဲ့ရာ ကလေးများကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ပညာရေးစေတနာရှင်များ၏ ပံ့ပိုးမှုများကြောင့် မမျှော်မှန်းရဲခဲ့သည့် အဆင့်မြင့် တက္ကသိုလ်ပညာရပ်များကို ဆည်းပူးခွင့်ရရှိနေကြသည်ဖြစ်ရာ အလားတူကျောင်းပြင်ပရောက် ကလေးများအတွက်လည်း အဖက်ဖက်မှဝိုင်းဝန်းပံ့ပိုးစောက်ရှောက်ပေးမည့် အလှူရှင်ကြီးများ ပေါ်ထွက်လာနိုင်ရန် မြန်မာနိုင်ငံစာ တတ်မြောက်ရေး အထောက်အကူပြုပင်မဌာန MLRC ကစည်းရုံးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


