ရန်ကုန် ဩဂုတ် ၃
ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာ ဆရာမများ ဦးဆောင်သည့် ကျောင်းသား ကျောင်းသူများနှင့် ဒဂုံဆိပ်ကမ်း စက်မှုမြို့ စက်မှုဇုန်မှ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ ဥပဒေ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းစက်မှုမြို့ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး ကနောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒဂုံဆိပ်ကမ်း စက်မှုမြို့ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမြင့်က စက်မှုဇုန် သမိုင်းကြောင်းကို ရှင်းလင်း၍ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ရန်ကုန် အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်နုနုရီက ဥပဒေပညာရပ်များနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်အဝေးသင် တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်တင်ဌေးအိက ဥပဒေအသိပညာ ဆွေးနွေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်တို့ကဥပဒေ ပညာရပ်ဆိုင်ရာ စာအုပ်များကို ပေးအပ်လှူဒါန်းရာ ဥပဒေပညာ ဌာန ပါမောက္ခ/ဌာနမှူးဒေါက်တာ ဒေါ်တင်ဌေးအိနှင့် ဆရာမများက လက်ခံရယူကြကာ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ဒဂုံဆိပ်ကမ်း စက်မှုမြို့ စက်မှုဇုန်မှ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများအား အစုများဖွဲ့ကာ ဥပဒေအသိပညာပေး အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါ ဥပဒေအသိပညာပေး ဆွေးနွေးပွဲသို့ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနမှ ဖွင့်လှစ်ထားသည့် (Online) LL.M, LL.B BA(Law)၊ PGDLI DIPL သင်တန်းမှ သင်တန်းသား သင်တန်းသူများနှင့် ပုံမှန်တက် ကျောင်းသား ကျောင်းသူများ အပါအဝင် စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


