နေပြည်တော် ၁၈ ဧပြီ

           

ကျောင်းသားလူငယ်ထုအတွင်း ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးကင်းဝေးရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော ဘဝနေထိုင်မှုပုံစံများ ကျင့်သုံးလာရေးအတွက် အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

           

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကျောင်းများ၊ တက္ကသိုလ်များတွင် မူးယစ်ဆေးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်သေစာ သောက်သုံးမှုကင်းစင်ပပျောက်ရေး၊ ကျောင်းသားထုအတွင်း ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်မှုပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ ကျောင်းသားလူငယ်များကို မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ကျောင်းသားလူငယ်များတွင် ဂိမ်းအလွန်အကျွံ စွဲလမ်းမှုပပျောက်ရေးကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ဆက်လက်ပူးပေါင်း၍ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ရန်အတွက် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ယနေ့ အစည်းအဝေးအား အဆိုပါကိစ္စရပ်များကို အောင်မြင်ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးအကြံပြုသွားကြရန် ဖြစ်ပါကြောင်း။

 

လုပ်ငန်းများ အောင်မြင်ထိရောက်စေရန်အတွက် ဆရာ/ဆရာမများသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ပါဝင်ဆောင်ရွက် စေရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဘဝတစ်သက်တာ သိမှတ်ဖွယ်ရာ သင်ခန်းစာများတွင် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြား ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက နိုင်ငံတော်၏ အနာဂတ်ဖြစ်သော တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၉ ဒသမ ၇) သန်းဦးခန့်ရှိသည့် ကျောင်းသားအရွယ်လူငယ်များ ကျန်းမာရေးအသိပညာဗဟုသုတ ကြွယ်ဝကာ ကျန်းမာရေးနှင့် ညီညွတ်မျှတစွာ နေထိုင်စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသားလူငယ်အချင်းချင်းသာမက ၎င်းတို့၏ မိဘဆွေမျိုးများ၊ မိတ်ဆွေများကိုပါ ကျန်းမာရေးအသိပညာနှင့် အလေ့အကျင့်များ ဆင့်ပွားဝေမျှပေးနိုင်မည်ဖြစ်ကာ ပိုမိုကျန်းမာသန်စွမ်းလာမည် ဖြစ်ပါကြောင်း။

 

ထိုသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ လမ်းညွှန်မှာကြားခဲ့သည့်လုပ်ငန်းများ အောင်မြင်ရန်မှာ ကျောင်းကျန်းမာရေးဌာနခွဲ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ကာ အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲ၏ အခန်းကဏ္ဍမှာလည်း အရေးကြီးပါကြောင်း၊ အားကစားလေ့ကျင့်ဆောင်ရွက်ခြင်းဖြင့် ဆေးလိပ်၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာသုံးစွဲမှုများ လျော့နည်းပပျောက်လာမည်ဖြစ်သဖြင့် ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ခြင်းကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်သွားလျက်ရှိပါကြောင်း၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးများအား ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးကော်မတီများနှင့် အခြားဆက်နွှယ် အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုများသည် အရေးကြီးပါကြောင်း၊

 

လုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လိုအပ်သည့် ပံ့ပိုးဆောင်ရွက်မှုများကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်မှုကို စောင့်ကြည့်ဆန်းစစ်ခြင်း လုပ်ငန်းများကိုလည်း တစ်ပါတည်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကဏ္ဍအလိုက်  ဆွေးနွေးအကြံပြုခဲ့ကြသည်။

 

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)