ကော့သောင်း ၅   ဧပြီ

 

ကော့သောင်းမြို့၌ ၁၃၈၀ ခုနှစ် မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာ ယဉ်ကျေးမှု များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံ တောင်ဘက်အစွန်း ကော့သောင်းမြို့သည် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်ရာ သင်္ကြန်ပွဲတော် ကာလအတွင်း တစ်ဖက်ထိုင်းနိုင်ငံမှ တစ်ဆင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ဆင်နွှဲ ရေပက်ကစားလေ့ရှိရာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပွဲတော်တစ်ခု ဖြစ်သည်နှင့်အညီ မြန်မာတို့၏ ယဉ်ကျေးဖွယ်ရိုးရာ ဓလေ့များအား သိရှိလေ့လာနိုင်ရေး၊  မြန်မာ့ခရီးသွားလုပ်ငန်း အရှိန်အဟုန် မြှင့်တက်လာရေးနှင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များနှင့် မြို့နေပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ နွှဲပျော်နိုင်ရေး သင်္ကြန်ကာလအတွင်း နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် လိုက်နာရန် စည်းကမ်းသတ်မှတ်ချက်များအား တာဝန်ရှိ အဖွဲ့အစည်းများမှ ကျယ်ကျယ်ပြန့်ပြန့် အသိပေး လှုံ့ဆော်ထားပြီး၊ ရပ်ကွက်အလိုက် မြန်မာ့ရိုးရာ ယိမ်းအကပြိုင်ပွဲဝင် အဖွဲ့များ ကြိုတင်လေ့ကျင့်နေကြပြီဖြစ်ကြောင်း သိရသည်။

 

ထို့ပြင်  မြို့နယ်ဗဟိုဆုပေးမဏ္ဍပ်၊ ဌာဆိုင်ရာနှင့် ရပ်ကွက်ရေကစားမဏ္ဍပ် ၊ ဖျော်ဖြေရေးမဏ္ဍပ်များ အား စတင်ဆောက်လုပ်လျှက်ရှိပြီး ယခုနှစ် သင်္ကြန်ပွဲတော်အား နယ်စပ်မှတစ်ဆင့် ဖြတ်သန်းဝင်ရောက် လည်ပတ်ကြမည့် ပြည်ပခရီးသွား ဧည့်သည်များနှင့် ပြည်တွင်းခရီးသွား ဧည့်သည်များအား မြန်မာ့ရိုးရာ ဓလေ့စရိုက်များ ဂုဏ်တင့်တယ်စွာ ပိုမိုလေ့လာ သိရှိနိုင်ကြစေရန်နှင့် တနင်္သာရီတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း တိုးတက်ဖွံကဖြိုးလာရေး ဆွဲဆောင်မှု တစ်ရပ်အသွင်ဖြင့်  ရိုးရာ အစဉ်အလာမပျက် တစ်မူထူးခြား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)