ကော့သောင်း ၁၆ ဧပြီ
ကော့သောင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ၊ အထကကျောင်း Facility Quarantine စင်တာသို့ လာရောက်ခြိမ်းခြောက်သူတစ်ဦးနှင့် Quarantine စင်တာမှထွက်ပြေးသူ (၄)ဦး အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မဖြင့် အရေးယူထားကြောင်း ဧပြီ ၁၆ ရက်နေ့က သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ၊ အထကကျောင်း တွင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် Facility Quarantine စင်တာသို့ ဖြိုးသော်ဒွေး(၂၄)နှစ် ဆိုသူသည်ရောက်ရှိလာပြီး စင်တာတွင် စောင့်ကြည့်ခံနေရသည့် မိခင်ဖြစ်သူ ဒေါ်ချိုချိုခိုင် အားလာရောက်တွေ့ဆုံစဉ် စောင့်ကြည့်ကာလ (၁၄)ရက်မှ (၂၁)ရက်သို့ပြောင်းလဲတိုးမြှင့်ထားမှုကို လက်မခံဘဲ မလိဝမ်း Quarantine စင်တာ တာဝန်ခံ ဘန်းကချွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွန်းအား ရိုင်းစိုင်းစွာ ပြောဆိုခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး Quarantine စင်တာတွင်စောင့်ကြည့်ခံနေရသူများဖြစ်သည့် ကိုဇင်ဝိုင်းမောင်၊ ဦးသောင်းထိန်လင်း၊ ဦးကျော်စိုးမိုး နှင့်မအိအိအောင်တို့(၄)ဦးသည် စောင့်ကြည့်ကာလ (၁၄)ရက်မှ (၂၁)ရက်သို့ ပြောင်းလဲတိုးမြှင့်ထားမှုကို မကျေနပ်ကြသဖြင့် မိမိတို့သဘောဆန္ဒအလျောက် ညနေပိုင်းတွင်စင်တာမှ ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်သည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကော့သောင်းမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်သူ ကိုဇင်ဝိုင်းမောင်(၁၉)နှစ်၊ ဦးသောင်းထိန်လင်း(၅၄)နှစ်၊ ဦးကျော်စိုးမိုး(၂၀)နှစ် နှင့်မအိအိအောင်(၂၃)နှစ်တို့ (၄)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရလည်းကောင်း၊ တာဝန်ရှိသူများအား ရိုင်းစိုင်းစွာ ပြောဆိုခြိမ်းခြောက်ခဲ့သူ ဖြိုးသော်ဒွေး (၂၄)နှစ်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၆ အရလည်းကောင်း ကော့သောင်းမြို့နယ်၊ ရဲတပ်ဖွဲ့စခန်းမှ အသီးသီးအမှုဖွင့်ကာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)


