ကော့သောင်း ၃ ဧပြီ
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၇၅ ဦး ၊ အမျိုးသမီး ၁၂ ဦးနှင့် ကလေးငယ် ၂ ဦး အပါအဝင် အလုပ်သမား ၈၉ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှ တစ်ဆင့် ရနောင်းမြို့လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ ဒေသအာဏာပိုင်များထံသို့ ရေလမ်းခရီးဖြင့် ယမန်နေ့ ဧပြီလ ၂ ရက် ညနေပိုင်းက လာရောက် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်စေ လွှတ်ခဲ့ခြင်းဖြစ်ရာ လာရောက်လွှဲပြောင်း ပေးသည့် အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆို လက်ခံကြသည်။
ပြည်သူ့ ကျန်းမာရေး ဌာနမှ လိုအပ်သည်ကျန်းမာရေးပြုစုရှောက်မှုများ ဆောင်ရွက်ပေးပြီး ၄င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


