``ကြေးကြီးတယ် ´´ ရုပ်ရှင် ဇာတ်ကား အောက်တိုဘာ ၂၆ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်

ရန်ကုန်  ၂၁    အောက်တိုဘာ 

 

R-SQUARE ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးထားသည့် ``ကြေးကြီးတယ် ´´ ရုပ်ရှင် ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက  ရန်ကုန်မြို့ ၊ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။

 

 

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ``ဒီကားကို ၂၀၁၆ ခုနှစ်က ရိုက်ခဲ့တာပါ။ တိုင်းပြည် ကောင်းစားဖို့အတွက် လူတိုင်းမှာတာဝန်ရှိတယ်၊ ဥပဒေကိုလူတိုင်း လေးစား လိုက်နာဖို့လိုတယ် ဆိုတဲ့အကြောင်းကို သတင်းစကားပေးထားတယ်။ ဒီဇာတ်ကားကိုကြည့်ပြီး သွားရင်တော့ ပရိသတ် တွေအနေနဲ့ နည်းနည်းလေး ပြောင်းလဲသွား မယ်လို့မျှော်လင့်မိပါတယ်။ ဒီကားရိုက်ဖို့ လုပ်တော့ ဆင်ဆာ အခက်အခဲရှိခဲ့တယ်။ နောက်တစ်ခုကတော့ ဒီထဲမှာပါတဲ့ ဇာတ်ကောင်တစ်ခုက သရုပ်ဆောင် မဟုတ်ပါဘူး။ သူ့ကို အချိန်ပေးပြီးတော့ သင်ပြပြီးရိုက်ဖို့ အခက်အခဲဖြစ်ခဲ့ရတယ်။ ဒါကြောင့် ရိုက်တဲ့အခါမှာ ကိုယ်ဖြစ် ချင်တဲ့ အတိုင်း မဖြစ်ခဲ့တာတွေရှိခဲ့တယ်´´ ဟုပြောသည်။

 

အဆိုပါ ဇာတ်ကားတွင် မြင့်မြတ်၊ နေမျိုးအောင်၊ ဇွဲနိုင်ဝင်း၊ ထွန်းကိုကို၊ အိချောပို၊ နေဆန်း၊ သတ္တိ၊ လင်းဇာနည်ဇော်၊ ခင်ဇာခြည်ကျော်၊ မေမြတ်နိုး၊ အထူးသရုပ်ဆောင် ROSHAM နှင့် အခြားသော အနုပညာရှင်များ ပါဝင်ထားပြီး ဥပဒေကိုဖော်ဆောင်သူများအပါအဝင် ပြည်သူများ အားလုံး ဥပဒေကို လေးစားလိုက်နာတတ်စေရန်၊ စည်းကမ်းတကျ နေထိုင်တတ်စေရန်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ များအားလုံး ပူးပေါင်းပါဝင်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရိုက်ကူးထားသည့် ပညာပေး ဟာသ အက်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။

 

 

သရုပ်ဆောင် ထွန်းကိုကို က ``ဒီကားထဲမှာ ကုမ္ပဏီပိုင်ရှင်တစ်ဦးပါ။ အနုနည်းနဲ့ ပညာသား ပါပါကြမ်းတဲ့ ပုံစံမျိုးပါဝင်ထားတာပါ။ သူလုပ်လိုက်တဲ့ အလုပ်တစ်ခုကြောင့် ကလေးတွေ သေတဲ့သူသေခဲ့ရတယ်။ ကိုယ်လုပ်လိုက်တဲ့ အရာလေးက ဘာမှ မဟုတ်ပေမယ့် ပရိသတ်ဘက်က ပြန်ကြည့်ရင် ရင်နာစရာအဖြစ်အပျက် မျိုးလေးပါ။ ကလေးတွေအသဲရောင် အသားဝါ ကာကွယ် ဆေးထိုးလိုက်တယ်။ ထိုးပြီးတဲ့အခါမှာ ကလေးတွေ အကုန်လုံး ဆေးရုံရောက်ပြီး တချို့ ကလေးတွေ အသက်ဆုံးရှုံးမှုဖြစ်သွားရတယ်။  အပြင်မှာလည်း ဒီကားထဲက အဖြစ်အပျက်မျိုးတွေရှိနေတတ်ပါ တယ်။ ဒါကြောင့် ကိုယ်က စီးပွားရေးဆန်ဆန် လုပ်ပေမယ့် အများအတွက် ဆိုးကျိုးဖြစ်နေရင် မကောင်းပါဘူး။ ဒီကားလေးက အသိပညာတွေ အများကြီးပေးထားပါတယ်´´ ဟုပြောသည်။ 

 

 

အထူး သရုပ်ဆောင် ROSHAM က လည်း  ရုပ်ရှင်ဇာတ်ကားကြီးအနေဖြင့် ပါဝင်သရုပ်ဆောင် ခဲ့သည်မှာ ဇာတ်ကား နှစ်ကားရှိပြီဖြစ်သော်လည်း ယခုဇာတ်ကားသည် ပထမဆုံးရိုက်ကူးခဲ့သည့် ဇာတ်ကားဖြစ်ကြောင်း၊ ဆရာဝန်၏ပေါ့ဆမှုကြောင့် အမျိုးသမီး သေဆုံးခဲ့သည့်အတွက်  စိတ္တဇဆန် သည့် လူသတ်သမားတစ်ဦး အဖြစ်ပါဝင်ထားကြောင်း၊ ဇာတ်လမ်း သဘောအရ ယခုခေတ် အခြေအနေနှင့် ကိုက်ညီမှုရှိကြောင်း ပြောသည်။ 

 

 

သရုပ်ဆောင် အိချောပို က `` ကိုမြင့်မြတ်ရဲ့ မိန်းမနေရာကပါဝင်ထားတာပါ။ အိမ်ထောင်ရှင် မပီသတဲ့ ခပ်ဆိုးဆိုးမိန်းမ ပုံစံမျိုးပါ။ ပါဝင်ရတဲ့  အခန်းကနည်းပါတယ်။ ဒါပေမယ့် ပါရတဲ့ အခန်းတွေက လုပ်ကွက်တွေရှိပါတယ်။ လူတွေရဲ့ စိတ်နေစိတ်ထား၊ အကျင့်စရိုက်နဲ့ စည်းကမ်းပိုင်း တွေကို ဖော်ပြပေးထားတဲ့ ပညာပေးဇာတ်ကားပါ။ လူတွေရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်စွက်ပြီး ပြသွားတဲ့ ပုံစံလေးတွေပါတယ်။ ပရိသတ်တွေလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်´´ ဟုပြောသည်။

 

စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းမှ  အစပြုကာကျန်ရှိသည့် စည်းကမ်းပိုင်းများကိုလည်း ပရိသတ်များ သတိပြုမိစေရန်ပေါ်လွင် အောင်ရိုက်ကူး ထောက်ပြထားကြောင်း၊ ပရိသတ် အနေဖြင့်လည်း အဆိုပါရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုပြီးပါက စည်းကမ်းမဲ့ အမှိုက်စွန်ပစ်မှုများကို ဆင်ခြင်သွားနိုင်လိမ့် မည်ဖြစ်သည့် အပြင် မိမိ၏ပတ်ဝန်းကျင် ကိုလည်း အလေးထား ဆောင်ရွက် တတ်သည့် အလေ့အထများ တိုးပွားလာနိုင်လိမ့်မည်ဖြစ်ကြောင်း၊ မိမိသိရှိထားသည့် အသိပညာ များကို ပြန်လည်ဝေမျှခြင်းဖြစ်ပြီး ဥပဒေကို လိုက်နာကာ စည်းကမ်း တကျနေထိုင်တတ်စေရန်အတွက် အသိပညာပေး ရိုက်ကူးထားခြင်းဖြစ်ကြောင်း ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ဆိုသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်