မုံရွာ ၂၅ မတ်
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေမှ ငွေကျပ် ၅၉၂၉ ဒသမ ၅၈၅ သန်းကို တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျခံသုံးစွဲ သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၉)ခုတွင် စုစုပေါင်း အရှည် ၁၅၆၈ ဒသမ ၃ မီတာရှိ ကွန်ကရစ်တံတား (၄၅)စင်းအားလည်းကောင်း၊ အရှည် ၃၆ ဒသမ ၅ မီတာရှိ သစ်သားတံတား (၁)စင်း၊ အရှည် စုစုပေါင်း ၁၅၄ မီတာ ရှိ ရေကျော် (၇)ခု၊ စုစုပေါင်းအရှည် ၆၆ ဒသမ ၆ မီတာရှိ ဘောက်စကားဘက် (၄၂)ခုအားလည်းကောင်း၊ စုစုပေါင်းအရှည် ၇၇ ဒသမ ၇ မီတာရှိ တံတား(၂)စင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အခြားနည်းလမ်းဖြင့် တည်ဆောက်သည့် အရှည် ၃၆ ဒသမ ၅ မီတာရှိ တံတား (၁)စင်းတို့အား ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ပြများနည်းတူ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်တံတားများ ဖွံ့ဖြိုးရေးအတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ငွေကျပ် (၂၁၆၄ ဒသမ ၂ဝဝ) သန်းဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေမှ ငွေကျပ် (၅၉၂၉ ဒသမ ၅၈၅) သန်းအား ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


