ပဲခူး ၂၆ မတ်


၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်း ဖွံဖြိုးမှုဆိုင်ရာစီမံကိန်း ကနဦးမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ပဲခူးမြို့ မြို့တော်ခန်းမတွင် ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာရေးအတွက် ကဏ္ဍစုံ၊ ဌာနစုံပါဝင်လုပ်ကိုင်ကြရမှာဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး တစ်ပြေးညီ ဖွံ့ဖြိုးရေးသည် မြို့ပြဒေသများ ဖွံ့ဖြိုးနေရုံနှင့် မလုံလောက်ဘဲ နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော် နေထိုင်သည့် ကျေးလက်ဒေသများပါ အချိုးညီဖွံ့ဖြိုးလာရန် အရေးတကြီးလိုအပ်ချက်ဖြစ်ကြောင်း၊ 


ကျေးလက်ဒေသနေ ပြည်သူများရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာအောင် နိုင်ငံတော်က ဦးတည်ပြီး ဖြည့်ဆည်းဆောင်ရွက် ပေးနေကြောင်း၊ ကျေးလက်ဒေသ နေထိုင်သည့် ပြည်သူများ၏စွမ်းရည် ပိုမိုတိုးတက် မြင့်မားလာရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲလုပ်ဆောင်စေရန်၊ ဈေးကွက်တန်းဝင် သီးနှံအမယ်များ စိုက်ပျိုးစေခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ အလေ့အကျင့်ကောင်းများ ကျင့်သုံးစေခြင်း၊ ပံ့ပိုးရန်လိုအပ်သည်များကို ပံ့ပိုးခြင်းများ ဆောင်ရွက်ရန် (၃) နှစ်စီမံကိန်းရေးဆွဲပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌဦးရန်လင်းက လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးတင်ပြပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် FSWG အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးစီးဌာန၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စားနပ်ရိက္ခာ ဖူလုံမှုပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (မြစ်ဝကျွန်းပေါ်နှင့် ပင်လယ်ကမ်းရိုးတမ်းဒေသန္တရကွန်ယက်) တို့မှ တာဝန်ရှိသူများက အသီးသီးရှင်းလင်းတင်ပြကြသည်။


ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ကြီးကြပ်ပြီး FSWG အဖွဲ့နှင့် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ အသေးစိတ် အစီအစဉ် ရေးဆွဲကာ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောက်ရွက်စေခြင်းဖြစ်သည်။  


ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၄)ခရိုင်မှ ကျေးရွာ(၁၀)ရွာအား စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေခံ အချက်အလက်များ စာရင်းကောက်ယူခြင်း၊ ကိုယ်ပိုင်စီးပွားရေးထူထောင်နိုင်မည့်နည်းလမ်းများအား သင်တန်းပေးခြင်း၊ ဆက်စပ်ဌာနများမှလည်း ကျေးလက်နေပြည်သူများအား အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများဖြစ်သည့် ယန္တရားမောင်းသင်တန်း၊ ပန်းရံသင်တန်း၊ လက်သမားသင်တန်း၊ စိုက်ပျိုးရေးနည်းပညာဆင့်ပွားသင်တန်း၊ ဟင်းသီးဟင်းရွက်နှင့် သဘာဝမြေသြဇာပြုလုပ်သုံးစွဲမှုသင်တန်း၊ မှိုစိုက်ပျိုးနည်းသင်တန်း၊ စပါးမျိုးကောင်းမျိုးသန့် ထုတ်ယူခြင်းအား နည်းပညာနှင့်ငွေကြေးပံ့ပိုးခြင်း၊ အခြေခံအပ်ချုပ်စက်သင်တန်း၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။


တင်စိုး(ပဲခူး)