အေးမင်းထက်(ရေဦး)

 

ယမန်နေ့မှအဆက်

လုပ်ငန်းဆောင်ရွက်မည့်နည်းလမ်းများ

ဥပဒေ၏ ပုဒ်မ ၉ တွင် “ ဦးစီးဌာနသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရန် ဗဟိုကြီးကြပ်မှုကော်မတီ သို့မဟုတ် သက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ သဘောတူညီချက် အရ အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ရမည်-

 

(က) ပုဂ္ဂလိက ကုမ္ပဏီများအား သတ်မှတ်ချက် များနှင့်အညီ တင်ဒါခေါ်ယူပြီး လုပ်ငန်း အပ်နှံဆောင်ရွက်ခြင်း၊

(ခ) ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအစိုးရမဟုတ်သည့် အဖွဲ့အစည်းများ သို့မဟုတ် လူထုအခြေပြု အဖွဲ့အစည်းများနှင့် သဘောတူညီချက်ပြုလုပ်၍ ဆောင်ရွက်စေခြင်း၊

(ဂ) နည်းပညာ လိုအပ်ချက်အရ တိုက်ရိုက် ဆောင်ရွက်ခြင်း၊

(ဃ) သက်ဆိုင်ရာကျေးရွာတွင် လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီ သို့မဟုတ် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပေးပြီး ဦးစီးဌာန ၏ နည်းပညာအကူအညီဖြင့် လုပ်ငန်းအပ်နှံ ဆောင်ရွက်ခြင်း၊

(င) နည်းပညာအကူအညီလိုအပ်သည့် လုပ်ငန်း များကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်ခြင်း၊

(စ) အခြားသင့်လျော်သော နည်းလမ်းတစ်ခုခု ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

 

ပြစ်မှုနှင့် ပြစ်ဒဏ်များ

ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သူတို့ အတွက် လုံခြုံရေး၊ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်ယှက်ဟန့်တားမှုမပြုစေရေး၊ ဥပဒေပြဋ္ဌာန်းချက်များကို တိကျစွာလိုက်နာ စေရေးအတွက် ပြစ်မှုနှင့် ပြစ်ဒဏ်များ ပြဋ္ဌာန်းချက်တို့ကိုလည်း အောက်ပါအတိုင်း တွေ့ရှိရပါသည်-

 

ဥပဒေပုဒ်မ ၄၀ တွင် မည်သူမဆိုကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများကို တာဝန်အရ အကောင် အထည်ဖော်ဆောင်ရွက်သူအား-

 

(က) ရာဇဝတ်မကင်းသော အနိုင်အထက်ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို နှစ် နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်နှစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

 

(ခ) ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း သို့မဟုတ် တားဆီးခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

 

ဥပဒေပုဒ်မ ၄၁ တွင် မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်း များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုတစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသည်။

 

ကျေးလက်ဒေသနေပြည်သူများ၏ ရပိုင်ခွင့်နှင့် တာဝန်များ

ကျေးလက်ပြည်သူတို့သည် နေရာတကာတွင် တွေဝေငေးမောပြီး နောက်ကလိုက်မနေစေရန်နှင့် မိမိတို့၏ ဘဝ တိုးတက်ရေးဖြစ်သောကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းရပ်များတွင် စည်းလုံးတက်ကြွစွာဖြင့် ရှေ့တန်းမှ ပါဝင် ဆောင်ရွက်ကြစေရန် ၎င်းတို့၏ တာဝန်နှင့် ရပိုင်ခွင့်များ ပြဋ္ဌာန်းချက်ကိုလည်း တွေ့ရှိရပါသည်။

 

ဥပဒေ၏ ပုဒ်မ ၁၀ တွင် ကျေးလက်ဒေသနေပြည်သူ များ၏ တာဝန်များကို အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါသည်-

 

(က) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားသော အခြေခံအဆောက်အအုံများကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် အမှိုက်စနစ်တကျ စွန့်ပစ်ရေး ဆောင်ရွက်ရန်၊

 

(ခ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် ချေးငွေတစ်ရပ်ရပ်ကို ရယူပါက ယင်းချေးငွေဖြင့် သတ်မှတ်သည့် လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

 

(ဂ) ကျေးရွာအစီအစဉ်ဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ် ချက်နှင့်အညီ ရန်ပုံငွေကောက်ခံသုံးစွဲခွင့်နှင့် ပြင်ဆင်ထိန်းသိမ်းရန်၊

 

(ဃ) ပုဒ်မခွဲ (ခ)အရ ချေးယူငွေနှင့် ကျသင့်သည့် အတိုးငွေတို့ကို အောက်ပါသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်-

(၁) သတ်မှတ်ကာလအတွင်း ပြေကျေအောင် ပြန်လည်ပေးဆပ်ခြင်း၊

(၂) သတ်မှတ်ကာလ ကျော်လွန်မှပေးဆပ်ပါက သတ်မှတ်သည့် ဒဏ်ကြေးငွေ ပေးဆောင်ခြင်း။

 

(င) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊

(စ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စည်းရုံးပညာပေးခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊

(ဆ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ကျေးရွာလူထုအကြား စည်းလုံးမှုကို ပျက်ပြားစေမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက သက်ဆိုင် ရာကော်မတီများ၏ လမ်းညွှန်ချက်ဖြင့် ဖြေရှင်း ဆောင်ရွက်ရန်။

 

ဥပဒေပုဒ်မ ၁၁ တွင် ကျေးလက်ဒေသနေ ပြည်သူတို့၏ ရပိုင်ခွင့်များကို အောက်ပါ အတိုင်း ပြဋ္ဌာန်းထားပါသည်-

(က) မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း များ ရေးဆွဲရာတွင် အကြံပြုဆွေးနွေးခွင့်၊

 

(ခ) မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများသို့ တင်ပြပိုင်ခွင့်၊

 

(ဂ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်၊ ကြည့်ရှုလေ့လာခွင့်၊ သတင်းအချက် အလက်များ တောင်းခံရယူခွင့်နှင့် လွတ်လပ်စွာ ဝေဖန်အကြံပြု ဆွေးနွေးတင်ပြခွင့်၊

 

(ဃ) ဦးစီးဌာနနှင့် သက်ဆိုင်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစီးဌာနသို့ တင်ပြ၍ မိမိကျေးရွာ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ခွင့်၊

 

(င) ဤဥပဒေပါ အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း လုပ်ငန်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ အရင်းမပျောက် မတည်ရန်ပုံငွေမှ ချေးငွေရယူသုံးစွဲခွင့်၊

 

(စ) ပုဒ်မခွဲ (င) ပါ လုပ်ငန်းမှရရှိသည့် အတိုးငွေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဤဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ သုံးစွဲခွင့်၊

 

(ဆ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေသုံးစွဲမှုကို မေးမြန်းခွင့်၊

 

(ဇ) ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြည်တွင်း ပြည်ပကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သွားရောက်လေ့လာခွင့်၊

 

(ဈ) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် အခွင့် အရေးများကို ခွဲခြားမှုမရှိဘဲ ရပိုင်ခွင့်။

 

သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများသည် ကျေးလက်ဒေသနေပြည်သူတို့၏ ရပိုင်ခွင့်များကို အပြည့်အဝရရှိစေ ရန်နှင့် တာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်စေရန် ဖော်ဆောင်ပေးကြရမည်ဖြစ်သည့် အပြင် ကျေးလက်ဒေသ နေပြည်သူများကလည်း နိုးကြားတက်ကြွသော အသိစိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။

 

နိဂုံးချုပ်တင်ပြချက်

“ဥပဒေဟူသည် အဓိကအားဖြင့် ဥပဒေပြုအာဏာပိုင်က ပြုလုပ်သော ဥပဒေဖြစ်သည်။ ခေတ်အဆက်ဆက်က ပြုလုပ်လာခဲ့ကြသော ဥပဒေများကို ခေတ်နှင့် လျော်ညီအောင် ပြင်ဆင်ဖြည့်စွက် ၊ ပယ်ဖျက်သင့်သည်ကို ပယ်ဖျက် ၊ အသစ်ပြုလုပ်သင့်သည်ကို ပြုလုပ်ကျင့်သုံးကြရသည်”ဆိုသည့် တရားဥပဒေအခြေခံသဘောတရားများ နှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၉ အဖြစ် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပါသည်။

 

ဤဥပဒေအား ကိုင်တွယ်ဖော်ဆောင်ရမည့် ပြည်ထောင်စုဝန်ကြီးဌာနဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ၎င်းလက်အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့သည် ဥပဒေပြဋ္ဌာန်း ချက်များကို ထိရောက်မှန်ကန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ လက်တွေ့ အားဖြင့်လည်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါသည်။ ကျေးလက်ဒေသနေ ပြည်သူများကလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။

 

“တစ်ယောက်အားနှင့် ယူသော်မရ ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏” ဆိုသည့် စကားနှင့်အညီ ပြည်ထောင်စု လွှတ်တော်အသီးသီးမှလည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အသီးသီးက လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များကလည်း ကောင်း၊ ကျေးလက်​ဒေသနေပြည်သူလူထု ကလည်းကောင်း၊ ကျေးလက်ဒေသ၏ဖွံ့ဖြိုးရေး တိုးတက် ရေးကဏ္ဍကို အာရုံစိုက်၍ ဆောင်ရွက်ရမည့်အချိန် ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့ အစည်းများ နိုင်ငံတကာအစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပပုဂ္ဂလိကများအနေ ဖြင့်လည်း ဤဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့် အညီကြိုးပမ်းနေမှုများကို ကြည့်မြင်သုံးသပ်ကာပါဝင်ကူညီကြရန် လိုအပ်မည် ဖြစ်ပါသည်။

 

ထိုသို့ဆိုလျှင် မြန်မာ့ကျေးလက်ဒေသသည် ဆင်းရဲနွမ်းပါးမှုများ လျော့နည်းပပျောက်ပြီး မကြာမီအချိန်အတွင်း ဖွံ့ဖြိုးတိုးတက်လာမည် အမှန်ပင်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။   ။