နေပြည်တော် စက်တင်ဘာ ၂၅

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၅) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ကော်မတီဝင်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မူဝါဒများချမှတ်ခြင်း၊ နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည် စီမံကိန်းရေးဆွဲခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိနိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း၊ ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းစသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးလာမည်ဖြစ်၍ နိုင်ငံတော်အစိုးရအနေနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအား မြင့်မားရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကော်မတီအစည်းအဝေး (၁/၂၀၂၄) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ကော်မတီဝင်များက ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၅−၂၀၂၆ ဘဏ္ဍာနှစ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ၂၀၂၆−၂၀၂၇ ဘဏ္ဍာနှစ် ဆောင်ရွက်ရန် လျာထားမှုနှင့် လုပ်ငန်းကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် တက်ရောက်လာသူများက စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းများ၊ သွင်းအားစုနှင့် အရင်းမပျောက် ရန်ပုံငွေ ထူထောင်ပေးခြင်းဆိုင်ရာ လုပ်ငန်းများ၊ လူမှုရေးကဏ္ဍဆိုင်ရာ လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်ရေ ရရှိရေး လုပ်ငန်း ၁၀၀၄ ခု၊ ကျေးလက်မီးလင်းရေး လုပ်ငန်းတွင် တစ်အိမ်သုံး ဆိုလာ အိမ် ၁၃၉၈၀ ၊ အသေးစား ဓာတ်အားပေးစနစ် ၂၀၅၆ အိမ်၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်း ၆၉ ခု၊ ကျေးလက်ကုန် ထုတ်လမ်း(၄၂၂/၁)မိုင်နှင့် တံတား အစင်း ၇၈၀၊ ကျေးလက်အိမ်ရာ ၁၀ လုံး၊ မြစိမ်းရောင်စီမံကိန်း ၂၁၅ ယူနစ်၊ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်း ရွာ ၄၀၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း ၆၅ ယူနစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ၁၆၂၃ ရွာ၊ Cash for Work စီမံကိန်း ငါးရွာ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း ၂၉၄ ကြိမ်နှင့် ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေး သင်တန်း ၁၁၈ ကြိမ်၊၂၀၂၅−၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျေးလက်ရေရရှိရေး လုပ်ငန်း ၆၇၄ ခု၊ ကျေးလက် မီးလင်းရေးလုပ်ငန်းတွင် တစ်အိမ်သုံး ဆိုလာ ၁၉၉၉၆ အိမ်၊ အသေးစား ဓာတ်အားပေးစနစ် ၁၀ ခု၊ ဆိုလာ စနစ်ဖြင့်  စိုက်ပျိုးရေရရှိရေး လုပ်ငန်း ၄၅ ခု၊ ကျေးလက်ကုန်ထုတ် လမ်း  (၂၅၆/၁.၉၄၅) မိုင်နှင့် တံတား ၅၄၅ စင်း၊ ကျေးလက် အိမ်ရာ ၅၉ လုံး၊ မြစိမ်းရောင်စီမံကိန်း ၃၅ ယူနစ်၊ ခေတ်မီစံပြ ကျေးရွာ ထူထောင်ခြင်း လုပ်ငန်း ၄၇ ရွာ၊ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေ  ထူထောင်ခြင်း လုပ်ငန်း ၅၆ ယူနစ်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း ၄၈၆ ရွာ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်း ၂၃၂ ကြိမ်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း ၇၅ ကြိမ်ကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ကော်မတီဝင် ဝန်ကြီးဌာန၊ ဦးစီး ဌာနများအနေဖြင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျေးလက်လမ်း (၇၇၂/၄) မိုင်၊ ကျေးလက်တံတား ၇၇၇ စင်း၊ ပေ ၂၀၀၈၀ ၊ ရေရရှိရေး လုပ်ငန်းပေါင်း ၄၈၁ခု၊ ကျေးလက် မီးလင်းရေးလုပ်ငန်း (မဟာ ဓာတ်အားလိုင်းစနစ်)ဖြင့် ၂၅၁ ရွာ၊ မဟာဓာတ်အားလိုင်း ပြင်ပအနေဖြင့် ဆိုလာအစုံ ၇၀၀၊ တန်ဖိုးနည်း ကျေးလက်အိမ်ရာ ၁၅ လုံး၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအတွက် ထောက်ပံ့ငွေကျပ်၂၉၁၆၄၈ ဒသမ ၅၄၅ သန်း၊ အသက်မွေးဝမ်းကျောင်းသင်တန်း ၁၇ ကြိမ်ကို သင်တန်းသား ၉၈၀ ဖြင့် ဖွင့်လှစ် ကာ သင်တန်းသား ၄၈ ဦးအား အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်