ပွင့်ဖြူ ၁၂ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေးခြင်းကို ဧပြီ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင် စီမံကိန်း၏ ရည်မှန်းချက်လုပ်ငန်းတာဝန်များနှင့် စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မော်က စီမံကိန်းဝင်အသင်းသားများ လိုက်နာရမည့် မြစိမ်းရောင် စီမံကိန်းလက်စွဲပါ စည်းကမ်းချက်များ၊ စီမံကိန်းရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်နည်းလမ်းများ၊ စီမံကိန်းချေးငွေ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေး လိုက်နာရန်အချက်များနှင့် ငွေစာရင်းဇယားများ စနစ်တကျ ပြုစုထိန်းသိမ်းထားရှိရေးတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် သံကိုင်းကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းဝင်အသင်းသားများက မိမိတို့လုပ်ကိုင်လိုသည့် စီမံကိန်းဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ်သံကိုင်းကျေးရွာရှိ မြစိမ်းရောင် စီမံကိန်းဝင်အသင်းသား စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၅ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀၆ ဦး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၁၆ ဦး၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၁၀ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၇ ဦး၊ စုစုပေါင်း စီမံကိန်းဝင်အသင်းသား ၁၇၄ ဦးအတွက် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ အတိုးအရင်း ငွေကျပ် ၅၀၂၇၃၀ဝ၀ အား အသင်းသားများ လက်ဝယ် အရောက် ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


