အောင်လံ ၅ ဧပြီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် မဟာဇင်ကျေးရွာအုပ်စု၊ မဟာဇင်ကျေးရွာ ကျေးလက်ကုန်ထုတ် လမ်းမြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက် ၁၀ နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးနှင့် ဝန်ထမ်းများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များက ကုန်ထုတ်လမ်း မြေနီခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါလမ်းမှာ အလျား တစ်မိုင်၊ အကျယ် ၁၂ ပေ မြေနီခြောက်လက်မ ထုခင်းခြင်းဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀ဝ၊ ပြည်သူထည့်ဝင်ငွေကျပ် ၈ ဒသမ ၇၇ သိန်း စုစုပေါင်းကုန်ကျငွေကျပ် ၁၀၈ ဒသမ ၇၇ သိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နည်းပညာပံ့ပိုးပြီး အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အောင်လံမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာ(၁၄)ရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းတစ်ခု၊ ကျေးရွာအဝင် ကျောက်ချောခင်းခြင်းလုပ်ငန်းတစ်ခု၊ ကျေးရွာအဝင်နှင့် ကျေးရွာအတွင်းလမ်များ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းခုနစ်ခု၊ ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းတစ်ခု၊ ကျေးရွာမီးလင်းရေးအတွက် ၄၀ဝ ဗို့ဓာတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းလေးခု စုစုပေါင်းလုပ်ငန်း (၁၄)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သန်းလွင်(မကွေး)


