နယူးဒေလီ ၂၁  ဇန်နဝါရီ

ပါကစ္စတန်နိုင်ငံမှ လူပေါင်း ၂၈၃၈ ဦး၊ အာဖဂန်နစ္စတန်မှ လူပေါင်း ၉၁၄ ဦး နှင့် ဘင်္ဂလားဒေ့ရှ်က လူပေါင်း ၁၇၂ ဦးတို့ကို လွန်ခဲ့သည့် ၆ နှစ်တာ ကာလအတွင်း နိုင်ငံသားဖြစ်ခွင့်ပေးခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး နီမာလာ စီသရာမန်းက ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

တိုင်းမ်စ်အော့ဖ် အိန္ဒိယ၏ အစီရင်ခံစာအရ ၁၉၆၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း သီရိလင်္ကာမှလာသည့် တမီးလ်အသိုင်းအဝိုင်းတွင် နေထိုင်ကြသည့် လူပေါင်း ၄၀၀၀၀၀ ကို နိုင်ငံသားဖြစ်ခွင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးက ပြောကြားခဲ့သည်။ လွန်ခဲ့သည့် နှစ်နှောင်းပိုင်းက နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ပြင်ဆင်မှုကို ပါလီမန်မှခွင့်ပြုပြီးနောက် ယခုလို ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။ နိုင်ငံသားဖြစ်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြောင့် လွန်ခဲ့သည့် လအနည်းငယ်အတွင်း အိန္ဒိယနိုင်ငံတစ်လွှားတွင် ပြင်းထန်သည့် ဆန့်ကျင်ဆန္ဒပြမှုများ ထွက်ပေါ်လာခဲ့သည်။ ။

၂၀၁၄ ခုနှစ်ထိတိုင်အောင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖဂန်နစ္စတန်တို့မှ မူဆလင် ၅၆၆ ဦးကျော်ကို နိုင်ငံသားဖြစ်ခွင့်ပေးခဲ့ကြောင်း နီမာလာက ဆက်လက်ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် နာရိန္တာမိုဒီလက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပါကစ္စတန်မှ ရွှေ့ပြောင်းနေထိုင်သူ မူဆလင် ၁၅၉၅ ဦးနှင့် အာဖဂန်နစ္စတန်မှ မူဆလင်၃၉၁ ဦးတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆင်ဟွာ