ချောင်းဦးမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း သင်တန်းဆင်းပွဲ ကျင်းပ

ချောင်းဦး ၂၂ ဇန်နဝါရီ


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝ အဆင့်မြှင့်တင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ပစ္စည်းပြုလုပ်နည်း သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၂နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းထွဋ်မိုးက သင်တန်းဆင်း အမှာစကားပြောကြားပြီး၊  မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ 


ထို့နောက် သင်တန်းနည်းပြဆရာမများ အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်ထောက်ကူပစ္စည်းများကို တာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့သည်။


အဆိုပါသင်တန်းတွင် အဝတ်လျှော်ဆပ်ပြာဆီ၊ လက်ဆေးဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်၊ အဝတ်လျှော် ဆပ်ပြာခဲ၊ ရေချိုးဆပ်ပြာခဲစသည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာများကို ပို့ချသင်ကြားပေးတာဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာမှ သင်တန်းသား၊ သင်တန်း သူ ၂၅ ဦး တက်ရောက်သင်ကြားကြောင်း၊ သင်တန်းကာလမှာ ဇန်နဝါရီလ ၁၄ ရက်မှ ၂၀ ရက်ထိ (၇)ရက် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်ခင်စိုးဝင်းက ပြောပြ၍ သိရသည်။


သင်တန်းဆင်းပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းထွဋ်မိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့် အဖွဲ့ဝင်များ၊ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရတနာစိုး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်ခင်စိုးဝင်းနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


အိအိအောင် (ချောင်းဦး)