ချောင်းဦး ၂၁ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ချောင်းမနား(တောင်)ကျေးရွာတွင် မတ်လ(၂၁)ရက်၊ နံနက်(၉)နာရီ အချိန်က ''မျိုးမြတ်သိန်း'' စာကြည့်တိုက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်ဖွင့်ပွဲတွင် ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်း၊ ချောင်းမနားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးနှင့် စာကြည့်တိုက် အကျိုးတော်ဆောင် ဦးခန့်ညာ တို့မှ ''မျိုးမြတ်သိန်း'' စာကြည့်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲ အခမ်းအနားတွင် ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က အမှာစကားပြောကြားပြီး၊ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်းက စာကြည့်တိုက် ရေရှည်ရှင်သန်ရေးနှင့် ပက်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ချောင်းမနား(တောင်)ကျေးရွာ ''မျိုးမြတ်သိန်း'' စာကြည့်တိုက်အတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က သုတ/ရသ စာအုပ်များကို ချောင်းမနားကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဦးအားလည်းကောင်း၊ ညောင်ပင်သာရွာ ရေဝန်းဆရာတော် ဦးသုန္ဒ၊ ဆရာတော် ဦးဆေကိန္ဒ၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ယုယုဝင်းနှင့် ညောင်ပင်လှကျေးရွာမှ ဦးငွေသိန်းတို့မှ သုတ/ရသ စာအုပ်များကို စာကြည့်တိုက်မှူး ဦးကြည်စိုးအား လည်းကောင်း အသီးသီး လှူဒါန်းခဲ့ကြသည်။ ထို့နောက် ချောင်းမနားကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့ဖွင့်လှစ်သည့် ချောင်းမနား(တောင်)ကျေးရွာ ''မျိုးမြတ်သိန်း'' စာကြည့်တိုက်မှာ အလျား(၂၄)ပေ၊ အနံ(၁၆)ပေ၊ အမြင့်(၁၂)ပေ ရှိပြီး အုတ်နံကပ်၊ သွပ်မိုး၊ သမံတလင်းခင်း ဖြစ်ကြောင်း၊ ဦးသိန်းတန် + ဒေါ်သန်း မိသားစုက ပေ(၄၀×၄၀)မြေကွက် လှူဒါန်းခဲ့ကြောင်း၊ ဦးတင်မောင် + ဒေါ်သန်းဦး (သမီး) ဒေါက်တာ မြင့်မြင့်သိန်း (ကလေးအထူးကု) မိသားစုနှင့် ကျေးရွာပြည်သူ့လူထု ထည့်ဝင်ငွေ၊ စုစုပေါင်း ငွေကျပ်သိန်းလေးဆယ် ကုန်ကျခံဆောက်လုပ်ခဲ့ကြောင်း ချောင်းမနားကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက ပြောပြ၍ သိရသည်။
အိအိအောင်(ချောင်းဦး)


