ချောင်းဦး ၂၇ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းကို မတ် ၂၆ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက အမှာစကားပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများ၊ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံအုပ်ချုပ်ရေးယန္တရားနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ ပြည်သူ့ဗဟိုပြု ဒေသဖွံ့ဖြိုးရေး၊ ခေါင်းဆောင်မှု၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲရေး၊ စွမ်းဆောင်ရည် တည်ဆောက်ခြင်းနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး စသည့်ဘာသာရပ်များကို ပို့ချပေးသည်။
အဆိုပါ သင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီလင်းနှင့် အရာထမ်း (၄)ဦးက ဘာသာရပ်အလိုက် သင်ကြားပို့ချပေးကာ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၄၂)ဦး တက်ရောက်ကြပြီး မတ်လ (၂၈)ရက်အထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။
အိအိအောင် (ချောင်းဦး)


