ခေါင်းတစ်ရာသားစား၍ ကျန်းမာထောက်ကူ

ရှေးရှေးငယ်စဉ်က “အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ။ ခေါင်းတစ်ရာသားကို စားပါ၊ ခေါင်းသုံးလုံးရှိသူထံမှာ သင်ယူပါ” တို့ကို သင်ကြားဖူးသည်။ ပြည်သူတို့၏ ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးရေးကို ရည်သန်အသိပေးထားသော အကြောင်းအရာဖြစ်သည်။ နေအိမ်တွင် သီးပင်စားပင်စိုက်ပါ။ အသားငါး များများစားသုံးပေးပါ။
 
အသိအမြင်ကြွယ်ဝသော လူကြီးသူမပညာရှိတို့ကို ဆည်းကပ်ပါဟူ၍ဖြစ်သည်။

ဤရှေးစကားများသည် လူတို့လိုက်နာကျင့်သုံးလျှင် အကျိုးများသော ကိစ္စများဖြစ်၍ ကျောင်းနေစဉ်ဘဝကတည်းက အသိပညာများရခဲ့သည်။ ခေါင်းတစ်ရာသားစားပါဟူသည် ငါးသေးသေးလေးများ စားသုံးခြင်း သို့မဟုတ် ငါးများများစားသုံးရေးဖြစ်ပြီး ယခုအချိန်ကာလတွင် သတိမူ ဦးစားပေးစားသုံးသင့်သော အစားအစာ ဖြစ်နေသည်။ ချွေတာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ ဘာသာရေးမှအစ အစစအရာရာ အကျိုးရှိထိရောက်သော အစားအစာဖြစ်သည်။ သို့သော် လူအများသည် ငါးအစားအစာကို အရိုးများသေး၊ ချေးခါးသေးဟုဆိုကာ အခြားအသားများကဲ့သို့ ပိုမိုစားသုံးခြင်း မရှိပေ။

လူတို့ ငါးစားသုံးသည့် အလေ့အထနည်းသည့် အခြေအနေတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာရာ ငါးစားသုံးမှု ပိုမိုလျော့နည်းကျဆင်းလာပြီး ငါးဈေးကွက်မှာ ပျက်လုမတတ်ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့များက ဝိုင်းဝန်းဆွေးနွေး အဖြေရှာဆောင်ရွက်ရေး လုပ်ဆောင်နေကြသည်။ ထိုသို့ဖြစ်ရခြင်းသည် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် အဓိကဖြစ်ရပြီး ပြည်ပဈေးကွက်သာမက ပြည်တွင်းဈေးကွက်ပါ ထိခိုက်မှုများ ရှိလာခဲ့သည်။

စည်ဒိုင်နှင့် ဈေးကွက်မှုပုံစံပြောင်းလဲရွေးချယ်စားသုံး

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားခြင်းသည် ငါးအစားအစာသာမက အခြားအသားများနှင့်သစ်သီးဝလံ စားနပ်ရိက္ခာများ ရောင်းဝယ်ဖောက်ကားရေးတွင်ပါ ထိခိုက်မှုများရှိခဲ့သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ် ကုန်စည်သယ်ယူပို့ဆောင်မှုအပိုင်းတွင် အကန့်အသတ်များရှိခြင်း၊ တာရှည်အထားမခံသော ကုန်ပစ္စည်းများ ပျက်စီးလွယ်ခြင်း၊ ကုန်စည်ဒိုင်နှင့် ဈေးများပိတ်သိမ်းခြင်း၊ အကန့်အသတ်ပြုလုပ်ထားခြင်း၊ လူတို့ နေထိုင်စားသောက်မှုပုံစံပြောင်းလဲလာခြင်း၊ အသင့်စားအစားအစာ၊ ထုပ်ပိုးမှုလွယ်ကူသော အစားအစာများကို ရွေးချယ်စားသုံးလာခြင်းတို့ ကြောင့် ငါးရောင်းဝယ်ဖောက်ကားရေး ကျဆင်းလာသည်။

မည်သို့ပင်ဖြစ်စေ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် လူအများ ခက်ခဲ ကျပ်တည်းနေသောကာလ ဈေးနှုန်းချိုသာပြီး ကျန်းမာရေးနှင့်ညီညွတ်သော ခေါင်းတစ်ရာသား ငါးများများ စားသုံးသင့်ပေသည်။ ငါးစားသုံးမှု၊ ငါး ရောင်းဝယ်ဖောက်ကားမှုကို New Normal ပုံစံသစ်ဖြင့် ကောင်းမွန်လွယ်ကူစွာ ရောင်းချဝယ်ယူစားသုံးနိုင်ရေးအတွက် ကြံစည်တွေးဆ ဆောင်ရွက်ကြရမည်ဖြစ်သည်။ အသားကဏ္ဍတွင် အခြားအသားအမျိုးမျိုးထက် ဘေးထွက်ဆိုးကျိုးကင်းပြီး ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်သော ငါး စားသုံးရေးကို ကျယ်ကျယ်ပြန့်ပြန့် အသိပေး၊ စနစ်တကျဖြန့်ဖြူးရောင်းချပေးလျှင် ရေထွက်ကုန် ပြန်လည်ဦးမော့လာမည် ဖြစ်သည်။

ဈေးနှုန်းချိုသာပြီး ကျန်းမာရေးကို အထောက်အကူပြုသော ငါးအစားအစာကို မကြာခဏ စားသုံးသင့်ပါသည်။

ငါးတွင် ကယ်လ်လိုရီဓာတ် ပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများသောကြောင့် လူ၏ဦးနှောက်ကို အကျိုး ပြုပါသည်။ ငါးတွင် ခန္ဓာကိုယ်၌ မရှိမဖြစ်လိုအပ်သည့် ဖက်တီးအက်စစ် ပါဝင်သည်။ ဖက်တီးအက်စစ်သည် နှလုံးကို ကျန်းမာစေသလို ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးပါပါသည်။ ငါးကို မကြိုက်လျှင် တစ်ပတ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ် စားပေးသင့်သည်။ ငါးတွင် ဗီတာမင်ဒီနှင့်ဘီ ၂ များစွာ ကြွယ်ဝသည်။ သံ၊ ဇင့်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်သတ္တုဓာတ် များ ပါဝင်သည်။

ထို့ကြောင့် ငါးစားသုံးခြင်းဖြင့် အာဟာရဓာတ်ကြွယ်ဝခြင်း၊ နှလုံးရောဂါ ဖြစ်နိုင်ခြေ လျော့နည်းခြင်း၊ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေနည်းပါးခြင်း၊ ကလေးများ ကိုယ်ခန္ဓာဖွံ့ဖြိုးခြင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်တွင် အထောက်အကူပြုခြင်း၊ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဦးနှောက်စွမ်းရည်ကျဆင်းမှု၊ မှတ်ဉာဏ်ထိခိုက်သည့် အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ခြင်း၊ စိတ်ဓာတ်ကျဆင်းမှုကို ကာကွယ်နိုင်ခြင်း၊ အမြင်အာရုံ နည်းလာခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ခြင်း စသည့်ကောင်းကျိုးများစွာ ရရှိစေပါသည်။

သို့ဖြစ်ရာ ခန္ဓာကိုယ်ကျန်းမာရေး၊ ခန္ဓာကိုယ်ဖွံ့ဖြိုးရေးနှင့် အကုန်အကျ သက်သာချွေတာရေးအတွက် လူတို့ဘဝတစ်သက်တာတွင် အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသောကာလတွင် အလွန်အကျိုး များသော အစားအစာဖြစ်သည့် ခေါင်းတစ်ရာသား ငါးသေးသေး သို့မဟုတ် ငါးများများ စားသုံးပေးရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။