နေပြည်တော် ဇန်နဝါရီ ၂၈
မြန်မာစာပေကို အသက်ထက်ဆုံး မြတ်နိုး တန်ဖိုးထားခဲ့ပြီး မြန်မာစာပေအကျိုးအတွက် မဆုတ်မနစ် အားထုတ်ခဲ့သည့် အမျိုးသားစာပေ တစ်သက်တာဆုရှင်၊ မြန်မာစာကဝိတစ်ဆူဖြစ်သည့် ဆရာကြီး အလင်္ကာကျော်စွာ ဒေါက်တာခင်အေး [မောင်ခင်မင် (ဓနုဖြူ)] သည် ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၀၀: ၃၀ တွင်ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဆရာကြီး ကွယ်လွန်ခဲ့ရခြင်းသည် နိုင်ငံနှင့် လူမျိုး၊ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ကြီးစွာသော ဆုံးရှုံးမှုကြီး တစ်ရပ်လည်း ဖြစ်သည်။
“လူတော်လူကောင်း တစ်ယောက် ဆုံးရှုံးရတဲ့အတွက် များစွာစိတ်ထိခိုက်ရပါတယ်။ ဆရာအေးဟာ မြန်မာစာနဲ့ ပတ်သက်ပြီး ဘက်စုံ၊ ကဏ္ဍစုံ နှံ့စပ် ကျွမ်းကျင်တဲ့သူ ဖြစ်ပါတယ်။ မြန်မာစာ အဖွဲ့အတွက်ရော၊ တက္ကသိုလ်များ မြန်မာစာဌာနအတွက်ရော၊ မြန်မာစာလောကကြီး တစ်ခုလုံးအတွက်ရော အလွန်နစ်နာဆုံးရှုံးရတယ်လို့ ခံစားရ ပါတယ်” ဟု ဆရာကြီး ဒေါက်တာထွန်းတင့် (မြန်မာစာ)ကလည်း ဆရာကြီးမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် ခြင်းအတွက် များစွာ စိတ်ထိခိုက်ရကြောင်းနှင့် မြန်မာစာလောကကြီးတစ်ခုလုံးအတွက် လွန်စွာနစ်နာဆုံးရှုံးမှု ဖြစ်ရကြောင်း ပြောကြားသည်။
ဆရာကြီး၏ အမည်အရင်းမှာ ဦးခင်အေးဖြစ်ပြီး ၁၉၄၂ ခုနှစ် ဇန်နဝါရီလ တွင် ဓနုဖြူမြို့နယ် ကျုံတနီးကျေးရွာ၌ ဖခင် ဦးရာမနှင့် မိခင် ဒေါ်စောတင်တို့က ဖွားမြင်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာစာ၊ သင်္ချာဘာသာများဖြင့် ဂုဏ်ထူးဖြင့်အောင်မြင်ကာ တစ်နိုင်ငံလုံး၌ မြန်မာစာ အမှတ်အများဆုံးရရှိခဲ့သည်။
မြန်မာစာကဝိအဖြစ် ထင်ရှားမည့် တောက်မည့် မီးခဲတရဲရဲ မောင်ခင်အေး သည် ငွေတာရီရွှေတံဆိပ်ဆုနှင့် လှသမိန် ရွှေတံဆိပ်ဆုတို့ ဆွတ်ခူးခဲ့ပြီး တက္ကသိုလ် ပညာသင်ဆုကိုလည်း ချီးမြှင့်ခြင်းခံရ သည်။ ၁၉၆၃ ခုနှစ်တွင် ဆရာကြီးသည် ဝိဇ္ဇာအထွေထွေဂုဏ်ထူးဘွဲ့ကို ပထမတန်းကအောင်မြင်ပြီး ၁၉၆၉ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ဂုဏ်ထူးဖြင့် ရယူနိုင်ခဲ့ သည်။ ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပသော ရန်ကုန် တက္ကသိုလ်(၁၀၅) ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားတွင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို ချီးမြှင့်အပ်နှင်းခြင်း ခံရသည်။
စာပေနှင့် ပတ်သက်၍တာဝန်ထမ်းဆောင်ခဲ့မှုများ
ထမ်းဆောင်ခဲ့သော တာဝန်များအနေ ဖြင့် ၁၉၆၃ ခုနှစ်တွင် ပုသိမ်တက္ကသိုလ် မြန်မာစာဌာန၌ နည်းပြအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုမှသည် လက်ထောက်ကထိက၊ ကထိက၊ တွဲဖက် ပါမောက္ခ၊ ပါမောက္ခအဆင့်များဖြင့် ပုသိမ် ကောလိပ်၊ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန၏ တာဝန် ပေးချက်အရ ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြားဘာသာသင် တက္ကသိုလ်တွင် မြန်မာစာဧည့်ပါမောက္ခအဖြစ် ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုမှပြန်ရောက်လာ ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခအဖြစ်မှ အငြိမ်းစားယူခဲ့သည်။
မြန်မာစာပေကို ချစ်မြတ်နိုးတန်ဖိုး ထားသူတိုင်း ဆရာကြီး၏ ဂုဏ်သတင်းနှင့် ဆရာကြီး၏ ကျေးဇူးကို အထူးသတိပြု မိကြသည်။ မြန်မာစာပေလောက ဖွံ့ဖြိုး တိုးတက်ရေး၊ မြန်မာစာ၊ မြန်မာစကား စံနှုန်းများနှင့် စကားပြေဆိုင်ရာ အသိ ပညာများစွာကို ဆရာကြီးထံမှ မျိုးဆက် သစ်များက လက်ဆင့်ကမ်းခွင့်ရရှိခဲ့ သည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန မှ အငြိမ်းစားယူပြီးသည့် နောက်တွင်လည်း ဆရာကြီးထမ်းဆောင်သည့် တာဝန်များက ပြီးဆုံးမသွားခဲ့ဘဲ ပုံနှိပ်မီဒီယာ များနှင့် ရုပ်သံမီဒီယာများတွင် ဆရာကြီး၏ မြန်မာစာလုံးပေါင်းသတ်ပုံဆိုင်ရာ၊ စကားပြေရေးသားနည်းဆိုင်ရာ အသိပညာပေး ဆောင်းပါးများစွာမှာ မြန်မာနိုင်ငံသား အားလုံးအတွက် စံပြုစရာ၊ အလေးထား မှတ်သားစရာများပင် ဖြစ်သည်။
စာပေအတွက် ကြိုးပမ်းအားထုတ်မှု
မြန်မာစာပေနှင့် ပတ်သက်သည့် သုတေသန စာတမ်းဖတ်ပွဲများတွင် ဆရာကြီးက ကမကထပြုပေးသည်။ ဘာသာစကားဆိုင်ရာ၊ မြန်မာစကားပြေ ဆိုင်ရာ စာတမ်းများပြုစုရာတွင် ဆရာကြီးက မနေမနား အားပေးကူညီရှာသည်။ မြန်မာစာပေအတွက် ကျေးဇူးကြီးမားလှ သည့် ဆရာကြီးသည် နောင်လာနောက် သား မြန်မာ့စာပေခရီးသွားတို့အတွက် မြန်မာစာပေအမွေ၊ မြန်မာဘာသာအမွေ အနှစ်အဖြစ် စာအုပ်ပေါင်း ၁၃၃ အုပ်ကို ထုတ်ဝေခဲ့သည်။
စာပေဆုများစွာ ချီးမြှင့်ခြင်းခံရ
မကွယ်လွန်မီ နှစ်အနည်းငယ်အထိ မြန်မာစာပါရဂူ သင်တန်းများတွင် သင်ကြားပို့ချခြင်း၊ ပါရဂူကျမ်းများ ကြီးကြပ် စစ်ဆေးခြင်း၊ နိုင်ငံတော်ပရိယတ္တိတက္ကသိုလ်(ရန်ကုန်)တို့တွင် သင်ကြားပို့ချခြင်းများ ပြုလုပ်ခဲ့သည့် အပြင် မြန်မာစာနှင့် ဘာသာစကားဦးစီး ဌာန မြန်မာစာအဖွဲ့တို့တွင် အချိန်ပြည့်အဖွဲ့ဝင်အဖြစ် တာဝန်များထမ်းဆောင်ခဲ့သည်။ စာပေဆု များစွာကို ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရပြီး စာပေဗိမာန်ဆု၊ အမျိုးသားစာပေဆု၊ သုတစွယ်စုံစာပေဆု၊ ထွန်းဖောင်ဒေးရှင်း စာပေဆု စသည့် စာပေဆုများစွာကို အကြိမ်ကြိမ်ရရှိခဲ့ပြီး မိမိတစ်သက်တာလုံးကို စာပေရေးသားပြုစုခြင်းနှင့် မြန်မာ စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှုပ်နှံခဲ့သူဖြစ်သည့်အတွက် နိုင်ငံတော်ကပေးအပ်သည့် အမျိုးသား စာပေ တစ်သက်တာဆုကို ၂၀၁၃ ခုနှစ် တွင်လည်းကောင်း၊ ဆရာဝန်တင်ရွှေ စာပေတစ်သက်တာဆုကို ၂၀၁၂ ခုနှစ် တွင်လည်းကောင်း၊ သုတစွယ်စုံ တစ်သက်တာစာပေဆုကို ၂၀၁၇ ခုနှစ် ကလည်းကောင်း ရရှိခဲ့သည်။
ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်- ဓနုဖြူ) သည် ပညာနှင့် အသက်မွေးဝမ်းကျောင်းခြင်း၊ လက်လှမ်း မီသရွေ့ ပညာဖြင့် နိုင်ငံနှင့် လူမျိုးကို အကျိုးပြုနိုင်ခဲ့ခြင်းသည် သူ့ဘဝ၏ အရသာအဖြစ် ခံယူထားသူဖြစ်သည်။ ကွယ်လွန်ချိန် တွင် အသက် ၈၅ နှစ်ရှိ ပြီး ဇနီးဖြစ်သူ မြန်မာစာတွဲဖက်ပါမောက္ခ (ငြိမ်း) ဒေါ်စုစုနွယ်နှင့် သမီးဖြစ်သူ မသူသူနွယ်အေးတို့ ကျန်ရစ်ခဲ့သည်။ ဆရာကြီး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဇန်နဝါရီ ၃၀ ရက် ကြာသပတေးနေ့ မွန်းလွဲ ၃ နာရီတွင် ရေဝေးအအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပြီး အရိုးပြာကို ဂူသွင်းမြှုပ်နှံမည် ဖြစ်ကြောင်း မိသားစုဝင်များထံက သိရှိရသည်။
ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) ကွယ်လွန်ခဲ့ရခြင်းအတွက် မြန်မာစာပေ ချစ်မြတ်နိုး တန်ဖိုး ထားရသူအပေါင်းတို့နှင့် ထပ်တူစိတ်နှလုံး ကြေကွဲရပြီး ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) မြင့်မြတ်သောဘုံဘဝ၌ ရောက်ရှိ ပါစေကြောင်း မြန်မာ့အလင်းသတင်းစာမှ ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း။ ။
မြန်မာ့အလင်း


