ဩဂုတ် ၂၃

ချီလီနိုင်ငံတွင် ဩဂုတ်လ ၁၉ ရက်က ပြင်းထန်သောမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး လူပေါင်း ၃၃၈၉၅ ဦးအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဩဂုတ်လ ၂၁ ရက်က ပြောကြားသည်။

အဆိုပါမုန်တိုင်းကြောင့် သေဆုံးသူနှစ်ဦးအနက် တစ်ဦးသည် စေတနာ့ဝန်ထမ်းမီးသတ်သမားတစ်ဦးဖြစ်ပြီး မြစ်ရေကြီးမှုမှခွေးတစ်ကောင်အား ကယ်ဆယ်ရန်ကြိုးစားနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။ အခြားတစ်ဦးသည် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏မော်တော်ယာဉ်ပေါ်သို့ သစ်ပင်တစ်ပင်လဲကျရာမှသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထိုတာဝန်ရှိသူက ပြောကြားသည်။

မုန်တိုင်းဘေးလွတ်ကင်းရာနေရာအဖြစ်သတ်မှတ်ထားသည့်နေရာများတွင် လက်ရှိနေထိုင်သူ ၄၂၃ ဦးရှိပြီး ၂၆၂၉၇ ဦး သောင်တင်နေခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်တုံ့ပြန်ရေးဝန်ဆောင်မှုက ပြောသည်။

ထိုမုန်တိုင်းသည် ယင်းဒေသတွင် ဇွန်လကုန်ပိုင်းက ဝင်ရောက်ခဲ့သည့်မုန်တိုင်းပြီးနောက် နှစ်ပေါင်း ၃၀ အတွင်း အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းမှုအဖြစ်စာရင်းဝင်ခဲ့သော ဒုတိယအကြိမ်မြောက်ဝင်ရောက်သည့် အပြင်းထန်ဆုံးမုန်တိုင်းဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို