ဇန်နဝါရီ ၁၉
ချီလီနိုင်ငံ၏ တောင်-အလယ်ပိုင်းဒေသတွင် လောင်ကျွမ်းနေသော တောမီးများကြောင့် သေဆုံးသူဦးရေ ၁၈ ဦးအထိ ရောက်ရှိလာကာ သေဆုံးသူဦးရေနောက်ထပ်မြင့်တက်လာဖွယ်ရှိကြောင်း ချီလီသမ္မတ ဂါဘရီယယ် ဘိုရစ်က ပြောကြားခဲ့သည်။
Biobio ဒေသတစ်ခုတည်းတွင်ပင် အိမ်ခြေ ၃၀၀ ခန့် ပျက်စီးသွားကြောင်း ကနဦးခန့်မှန်းချက်များက ဖော်ပြနေပြီး နောက်ဆုံးအရေအတွက်မှာ ၁၀၀၀ ကျော်နိုင်သည်ဟုဆိုကာသတိပေးပြောကြားထားသည်ဟု ၎င်းကဆိုသည်။ အာဏာပိုင်များသည် ဇန်နဝါရီ ၁၇ ရက်နေ့ညနေပိုင်းမှစ၍ Penco၊ Nacimiento နှင့် Laja ဒေသများတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုးရွားဆုံးထိခိုက်ခံရသည့် ဒေသများအနက် တစ်ခုဖြစ်သည့် Lirquen တွင် ညမထွက်ရအမိန့်ကို အစောပိုင်းကတည်းက စတင်ခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုများကြောင့် ဒေသ၏ ၈၀ ရာခိုင်နှုန်းခန့် ထိခိုက်ခဲ့ပြီး ထိုအမိန့်ကို အကန့်အသတ်မရှိ ဆက်လက်ထုတ်ပြန်ထားကြောင်း ဖော်ပြထားသည်။
အမျိုးသားသစ်တောကော်ပိုရေးရှင်း၏ ပြောကြားချက်အရ လက်ရှိတွင် အနီရောင်သတိပေးချက်အောက်တွင် တောမီးလောင်ကျွမ်းမှု ၁၄ ခုရှိပြီး နိုင်ငံတစ်ဝန်းတွင် ဟက်တာ ၂၄၀၀၀ ကျော် လောင်ကျွမ်းခဲ့သည်။ Concepcion တွင် မီးလောင်ကျွမ်းမှုကြီးဖြစ်ပွားခဲ့ရာ ဟက်တာ ၁၀၆၀၀ ကျော်ထိခိုက်မှုရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


