ခြင်းလုံးပြိုင်ပွဲတွင် မြန်မာအသင်း ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု ရရှိ

 (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ခြင်းလုံးပြိုင်ပွဲ နောက်ဆုံးနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ကျင်းပရာ မြန်မာခြင်းလုံးအသင်း ရွှေတစ်ခု ထပ်မံရရှိပြီး ပြိုင်ပွဲအပြီးတွင် ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့ သည်။ ခြင်းလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက် မှ ၁၁ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာ အသင်းက ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး တစ်ခု၊ လာအိုအသင်းက ရွှေတစ်ခု၊ ငွေနှစ်ခု၊ ထိုင်းအသင်းက ရွှေတစ်ခု၊ ကြေးသုံးခု၊ မလေးရှားအသင်းက ငွေတစ်ခု ရရှိခဲ့သည်။ ပြိုင်ပွဲ နောက်ဆုံးနေ့တွင် Event-4 ပြိုင်ပွဲ ကျင်းပခဲ့ပြီး မြန်မာအသင်းက ရွှေတံဆိပ်၊ လာအိုအသင်းက ငွေတံဆိပ်၊ ထိုင်းအသင်းက ကြေး တံဆိပ် ရရှိခဲ့သည်။ ပတ်လည်ယှဉ်ပြိုင်အပြီးတွင် မြန်မာအသင်းက ၁၄၃ မှတ်၊ လာအိုအသင်းက ၁၁၅ မှတ်၊ ထိုင်းအသင်းက ၇၅ မှတ်၊ မလေးရှား အသင်းက ၅၄ မှတ် ရရှိခဲ့သည်။

 

အမှတ်အများဆုံးရသည့် မြန်မာနှင့် လာအိုအသင်းမှာ ဗိုလ်လုပွဲကစားခဲ့ ရပြီး မြန်မာအသင်းက ၁၅၀-၁၂၄ မှတ်ဖြင့် အနိုင်ရကာ ရွှေတံဆိပ် ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။ တတိယလု ပွဲတွင် ထိုင်းအသင်းက မလေးရှား အသင်းကို ၇၈-၆၀ မှတ်ဖြင့် အနိုင်ရခဲ့သည်။ 

 

သတင်း-ရှိုင်းထက်ဇော် ဓာတ်ပုံ-စိုးညွန့်