ချင်းပြည်နယ် ဒေသအစားအစာ မျောက်ငိုသီးဟင်းလျာများ

စံလွင်(ငါးဦးစီး)

 

မျောက်ငိုသီးလို့ အသံကြားလိုက်ရင်ပဲ ချင်းပြည်နယ်နဲ့တွဲပြီး သိလိုက်ကြမယ် ထင်ပါတယ်။ ချင်းပြည်နယ် ဆိုပေမယ့် ထန်တလန်ဘက်မှာ မျောက်ငိုသီး ပိုထွက်တယ်လို့ ချင်းပြည်နယ်မှာ တာဝန်ကျဖူးတဲ့ မိတ်ဆွေတစ်ယောက်က ပြောပြပါတယ်။ မျောင်ငိုသီးဟာ ဆောင်းရာသီမှာ ပိုထွက်ပါသတဲ့။ ချင်းပြည်နယ်ထွက် ဒေသသီးနှံဖြစ်ပေမယ့် အဲဒီဘက်မှာနေတဲ့ ကသည်းလူမျိုးတွေက ပိုပြီးကြိုက်နှစ်သက်ကြလို့ မျောက်ငိုသီး စားပွဲတော်တောင် ကသည်းတွေက ကျင်းပကြတယ်လို့ ဆိုပါတယ်။

 

မျောက်ငိုသီးလို့ ဘာကြောင့် အမည်တွင်တာလဲလို့ မေးမြန်းကြည့်တဲ့အခါ ဒီအသီးကို လူတွေသာမက မျောက်သတ္တဝါတွေကပါ အလွန်ကြိုက်ကြပါသတဲ့။ ဒါပေမယ့် အသီးက အပင်ရဲ့ ကိုင်းဖျားထိပ်မှာ အပြုံလိုက် သီးတာကြောင့် မျောက်တွေငိုရလောက်အောင်ကို အခူးရခက်တာမို့ မျောက်ငိုသီးလို့ အမည်တွင်ရကြောင်း ပြောပြပါတယ်။ မျောင်ငိုပင်ရဲ့ အသီးသီးပုံနဲ့ အပင်အရွက်ပုံစံက ကျွန်တော်တို့ဆီက ဘောစကိုင်းပင်နဲ့ အတော်လေး ဆင်ပါတယ်။ မျောက်ငိုပင်ရဲ့ အသီးက ပိုပြီးကြီးတာမို့ အကြီးအသေးလောက်ပဲ ကွာခြားတာကို သတိပြုမိပါတယ်။

 

အဲဒီ မျောက်ငိုသီးက မြန်မာ-အိန္ဒိယ နယ်စပ်ဖြစ်တဲ့ မိုးရေးတို့၊ နန့်ဖာလုံတို့ဘက်မှာ ဈေးပိုကောင်းပါသတဲ့။ တစ်တောင့်ကို မြန်မာကျပ်ငွေ နှစ်ရာလောက် ရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် မျောက်ငိုသီး လှိုင်လှိုင်ထွက်ချိန်ဆို မြန်မာ-အိန္ဒိယ နယ်စပ်မှာ စီးပွားဖြစ် ဈေးကွက်တောင် ဖြစ်သွားတယ်လို့ ပြောပါတယ်။ မျောက်ငိုပင်ဟာ ချင်းပြည်နယ်အတွင်းမှာ သာမက စစ်ကိုင်းတိုင်းဒေသကြီးထဲက ကလေးနဲ့ ကလေးဝ ဘက်မှာလည်း စိုက်ကြလို့ တစ်အိမ်မှာ အနည်းဆုံး သုံးလေးပင်တော့ ရှိကြပါသတဲ့။ မျောက်ငိုသီး ဈေးကွက်ရှိလာတဲ့ အခုနောက်ပိုင်းမှာ မျောက်ငိုပင်တွေကို စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်းလည်း ပြောပြပါတယ်။

 

 

ရေမြေကောင်းရင် မျောက်ငိုပင်ဟာ သုံးနှစ်လောက်နဲ့ စသီးကြောင်း၊ မျောက်ငိုအစေ့ကလည်း တစ်တင်းကို မြန်မာငွေကျပ် နှစ်သိန်းလောက် ပေါက်ဈေးရှိကြောင်း ပြောပြပါသေးတယ်။ မျောက်ငိုသီးကို ဘယ်လိုစားရသလဲလို့ မေးတဲ့အခါ ဟင်းလျာအဖြစ်နဲ့ ပုံစံအမျိုးမျိုး စားကြတယ်လို့ ပြောပါတယ်။ ချက်စား၊ သုပ်စား၊ ကြော်စားရုံသာမက အရည်သောက်၊ အသုပ်၊ ပန်ထွေဖျော် စသဖြင့် စားလေ့ရှိကြပါသတဲ့။

 

မျောက်ငိုသီး ဟင်းလျာကို အမြည်းပေးသူက ကလေးမြို့ကနေ ပြောင်းလာကြတဲ့ ဝန်ထမ်းဇနီးမောင်နှံပါ။ သူတို့ရဲ့ ဒေသအစာမို့ မိဘများက ပို့ပေးလိုက်တာဖြစ်ပါသတဲ့။ ချက်ပုံချက်နည်း ပြပါဦးလို့ စပ်စုလိုက်တဲ့အခါ မျောက်ငိုသီးတွေကို အညှာဘက်က တစ်တောင့်ချင်းချွေပြီး လင်ပန်းထဲထည့်ကာ အသီးအပေါ်ယံက အစိမ်းရောင်တွေကို စတီးဇွန်းအမြီးပိုင်းနဲ့ ခြစ်ထုတ်ပါတယ်။ သူတို့ ချင်းပြည်နယ်ဘက်မှာတော့ အဲသည် အသီးခြစ်တံကလေးတွေ လုပ်ရောင်းလို့ ဝယ်လို့ရတယ် ဆိုပါတယ်။ ပြောပြောဆိုဆိုနဲ့ အခွံခြစ်ထားတဲ့ မျောက်ငိုသီးတွေကို သန့်စင်ပိုင်းဖြတ်ပြီး အာလူးနဲ့ရောကာ ငရုတ်သီးစိမ်း၊ နံနံပင်အုပ်ပြီး ဆီပြန်သဘောမျိုးလေး ချက်ပါတော့တယ်။ စားကြည့်တဲ့အခါ စီးစီးပိုင်ပိုင်ရှိပြီး စားလို့ကောင်းလှပါတယ်။ မျောက်ငိုသီးမှာ ဆူးပုပ်ရွက်လို၊ တညင်းသီးလို ကိုယ်ပိုင်အနံ့လည်းရှိပြီး ဆိမ့်၊ ချို၊ သက်တဲ့အရသာရှိလို့ လျှာကိုစွဲစေတာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

 

သူကတော့ အဲသည်လို ချက်စားတာထက်စာရင် ပန်ထွေဖျော်စားရတာကို ပိုကြိုက်ပါသတဲ့။ မျောက်ငိုသီး အစိမ်းက အဖန်ဓာတ် နည်းနည်းရှိလို့ အခွံခြစ်သန့်စင်ပြီးရင် ရေနွေးတစ်ပွက်ဆူပြုတ်၊ ပါးပါးလှီးပြီး မျှင်ငါးပိကင်နဲ့ ကိုင်းခရမ်းချဉ်သီး မီးဖုတ်နဲ့ရော၊ ငရုတ်သီးစိမ်းတောင့်၊ ကြက်သွန်ဖြူ လေးစိတ်ကွဲထောင်းတို့ကို ဆားဖြူးပြီး နယ်လိုက်ရင် မျောက်ငိုသီးပန်ထွေ ဖျော်ရပါပြီတဲ့။

 

သူပြောပြပုံက အားပါးတရရှိလွန်းလို့ သူ့ပန်ထွေဖျော်ကို မျက်စိထဲ ကွင်းကွင်းကွက်ကွက်ကို မြင်လာပြီး ပြောသူရော နားထောင်သူပါ လျှာရည်တွေ စိုလာတဲ့အထိပါပဲ ဆိုတဲ့အကြောင်းကို တင်ပြလိုက်ရပါကြောင်း...။