ဟားခါး ၂၁ ဧပြီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများနှင့် ပုဂ္ဂလိက မူကြိုကျောင်းများရှိ ဆရာ၊ ဆရာမများ၊ မိဘများ၊ မိသားစုဝင်များနှင့် ယမန်နေ့ မွန်းလွဲပိုင်းက မြို့တော်ခန်းမ၌ တွေ့ဆုံပြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အရေးကြီးပုံကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ် ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ရေးကဏ္ဍတွင် မိခင်များသာမက ဖခင်များ၊ မိသားစုဝင်များသည် အရေးကြီးပါကြောင်း၊ ရှေးဦးအရွယ်ကလေးများ၏ ကိုယ်ခန္ဓာပုံမှန်ကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုများ၊ အသက်အရွယ် အဆင့်ဆင့်အလိုက် ပြောင်းလဲပုံကို မိဘများ၊ မိသားစုဝင်များက သိရှိပြီး ပုံမှန်ဖွံ့ဖြိုးမှုရှိ/မရှိ ဆန်းစစ်ရမည်ဖြစ်ကြောင်း၊ ပုံမှန်ဖွံ့ဖြိုးမှုမရှိပါက ကျွမ်းကျင်သည့် သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုဝန်ထမ်းတာဝန်ရှိသူများနှင့် ဆောလျင်စွာ တိုင်ပင်ရန် လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနကလည်း ရှေးဦးအရွယ် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှု တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ရှေ့ပြေး စမ်းသပ်ဆောင်ရွက်နေပြီ ဖြစ်ပြီး ဆက်လက်တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးမှု နောက်ကျသော ကလေးများကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး အချိန်မီ ပြုပြင်ပြုစု စောင့်ရှောက်ခြင်းဖြင့် မသန်စွမ်းမှုများကို လျော့ချနိုင်မည်ဖြစ်ပါကြောင်း။

 

ကလေးငယ်များကို နည်းစနစ်အမှန်ဖြင့် ပြုစုစောင့်ရှောက်ပေးရန် နေ့ကလေးထိန်း ကျောင်းများ၊ မိခင်ဝိုင်းများဖွင့်လှစ် ပေးလျက်ရှိပါကြောင်း၊ အဆိုပါကျောင်းများ၌ ရှေးဦး အရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး ဆရာဖြစ်သင်တန်း တက်ရောက်ပြီးသူများကိုသာ ကြီးကြပ်စေပါကြောင်း၊ ဆရာဖြစ်သင်တန်းများလည်း တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်လျက်ရှိ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိခင်ဝိုင်းများကို တိုးချဲ့ဖွင့်လှစ်လျက်ရှိသော်လည်း ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ တစ်နိုင်ငံလုံး ပြန့်ပြန့်နှံ့နှံ့ဖွင့်လှစ်နိုင်ရန် အခက်အခဲရှိသည့် အတွက် မိဘများ၊ အုပ်ထိန်းသူများကိုယ်တိုင်က ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့် ရှောက်ရေး နည်းလမ်းများကို သိရှိနားလည်ပြီး မိမိတို့ကိုယ်တိုင် ဆောင်ရွက်၍ရပါကြောင်း၊ ကလေးသူငယ်များအား ပြုစုစောင့်ရှောက်နည်းစနစ်မမှန်ပါက ဖွံ့ဖြိုးမှုနှောင့်နှေး သွားနိုင်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ အပြန် အလှန်ဆက်သွယ်ခြင်းနှင့် ဘာသာစကားဖွံ့ဖြိုးမှု၊ လက်နှင့်လက်ချောင်းများဖွံ့ဖြိုးမှုအတွက် စနစ်တကျလေ့ကျင့်ပေးခြင်း၊ ကလေးသူငယ်အချင်းချင်း ထိတွေ့ပေးခြင်းဖြင့် အထောက် အကူများစွာပြုနိုင်ကြောင်းနှင့် ထိုအသိပညာများကို အစိုးရက မိဘများ၊ အုပ်ထိန်းသူများ သိရှိအောင် ဖြန့်ဝေပညာပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။        

 

ထို့နောက် တက်ရောက်လာကြသော မူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ၊ ပုဂ္ဂလိက မူကြိုကျောင်းများမှ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများက မိမိတို့ ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်ပြုစုရေးလုပ်ငန်းများ နှင့်ပတ်သက်၍ လိုအပ်ချက်နှင့် သိရှိလိုသည်များကိုမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်း အသီးသီးမှ လူငယ်များနှင့် လူငယ်ရေးရာကိစ္စများကို တွေ့ဆုံဆွေးနွေးသည်။

 

ဆွေးနွေးပွဲတွင် တက်ရောက်လာကြသော လူငယ်များက ချင်းပြည်နယ်အတွင်းရှိ လူငယ်များနှင့် အရက်၊ မူးယစ်ဆေးကိစ္စများ၊ လူငယ်များအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ဆောင်ပေးရေး၊ လူငယ်စင်တာ တည်ဆောက်ရန်အတွက် မြေနေရာ ရရှိရေး၊ လူငယ်များတွေ့ဆုံဆွေးနွေမှုများပြုလုပ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ယာယီ ရုံးခန်းရရှိရေးကိစ္စများကို ဆွေးနွေခဲ့ကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က တင်ပြဆွေးနွေးမှုများကို ပြန်လည် သုံးသပ်ခဲ့ကြသည်။

 

ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ချင်းပြည်နယ် လူမှုရေးဝန်ကြီးတို့သည် ညနေပိုင်းတွင် ဟားခါးမြို့ အမျိုးသားသဘာဝအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် တည်ဆောက် လျက်ရှိသော ဘက်စုံသုံးဘေးဒဏ်ခံ အဆောက်အဦ (Multipurpose Cyclone Shelter) ဆောက်လုပ်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုသည်။

 

(သတင်းစဉ်)